Verizon ဟာ ကမ္ဘာ့ပထမဆုံး 5G အိမ်သုံး ကြိုးမဲ့အင်တာနက် ဝန်ဆောင်မှုကို အမေရိကန် ပြည်ထောင်စုမှာ အောက်တိုဘာလ ၁ ရက်နေ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ယခု ဝန်ဆောင်မှုကို “5G Home” လို့ နာမည်ပေးထားပြီး၊ အထိုင်ကြိုးမဲ့ အင်တာနက်စနစ်အဖြစ် Houston ၊ Indianapolis ၊ Los Angeles နဲ့ Sacramento က နေရာအချို့မှာ အရင်ဆုံး ရရှိသွားမှာ ဖြစ်ပါတယ်။
5G Home မှာ လက်ရှိ Verizon အသုံးပြုသူတွေအနေနဲ့ တလကို အမေရိကန် ဒေါ်လာ ၅၀ ပေးဆောင်ရုံနဲ့ 300 Mbps နဲ့ 1 Gbps အင်တာနက်လိုင်းမြန်နှုန်းကို ဒေတာပမာဏ အကန့်အသတ် မရှိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Verizon အသုံးပြုသူ မဟုတ်သူတွေကတော့ တလကို ဒေါ်လာ ၇၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
5G Home အင်တာနက် ပက်ကေ့ချ်မှာ YouTube TV ကို အခမဲ့ ၃ လ ကြည့်ရှုခွင့် ရရှိမှာ ဖြစ်သလို၊ Apple TV 4K ဒါမှမဟုတ် Chromecast Ultra တခုလည်း လက်ဆောင် ရရှိသွားမှာ ဖြစ်ပါတယ်။ 5G လိုင်း ချိတ်ဆက်ဖို့ အတွက် အိမ်တိုင်ရာရောက် အခမဲ့ တပ်ဆင်ပေးသွားမှာဖြစ်သလို၊ Router တလုံးလည်း ပါဝင်ပြီးသားဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခု အိမ်သုံး 5G ယူထားသူတွေ အနေနဲ့ မိုဘိုင်း 5G ထွက်ရှိလာတဲ့အခါမှာလည်း ဦးဆုံး အသုံးပြုနိုင်ခွင့်ရဦးမှာ ဖြစ်ပါတယ်။
5G အင်တာနက် စံနှုန်းသစ်ဟာ မိုဘိုင်းအင်တာနက် တိုက်ရိုက်ဗီဒီယိုကြည့်ခြင်း (Mobile Video Streaming) ဈေးကွက်ကို အကြီးအကျယ် တိုးတက်မှု ရှိစေနိုင်မယ့် နည်းပညာ ဖြစ်ပါတယ်။ 5G နဲ့ Streaming ကြည့်မယ်ဆိုရင် 8K ဗီဒီယိုတွေကို 120 FPS ၊ 10-bit HDR ကာလာအရည်အသွေးနဲ့ အထစ်အငေ့ါမရှိ ကြည့်နိုင်မယ်လို့ 5G ဖော်ဆောင်မှုမှာ ပါဝင်တဲ့ Qualcomm ကုမ္ပဏီက ခန့်မှန်းထားပါတယ်။
Ref: Whistle Out, Engadget