Apple ဟာ မနေ့ည၊ မြန်မာစံတော်ချိန် ၁၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့တဲ့ Gather Round ပွဲမှာ iPhone မော်ဒယ်အသစ် ၃ မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ မနှစ်ကထွက်ရှိထားတဲ့ iPhone X ကိုမှ ဒီဇိုင်းမပြောင်းလဲဘဲ Specs Upgrade လုပ်ထားတဲ့ iPhone မော်ဒယ်အသစ်တွေ ဖြစ်ပြီး၊ OLED Display နဲ့ iPhone မော်ဒယ် ၂ မျိုးရယ်၊ LCD Display နဲ့ iPhone မော်ဒယ် ၁ မျိုးရယ် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
OLED Display အသုံးပြုထားတဲ့ iPhone မော်ဒယ်အသစ် ၂ မျိုးကိုတော့ iPhone XS နဲ့ iPhone XS Max လို့ အမည်ပေးထားပြီး၊ XS က 5.8-inch Super Retina Display နဲ့ ဖြစ်ကာ၊ XS Max ကတော့ 6.5-inch Super Retina Display နဲ့ ဖြစ်ပါတယ်။ ယခု OLED မော်ဒယ်အသစ် ၂ မျိုးလုံးမှာ Stainless Steel ကိုယ်ထည်ကို အသုံးပြုထားပြီး၊ ကျောဘက်ဖန်သားကိုလည်း ပိုအကြမ်းခံတဲ့ ဖော်မြူလာနဲ့ ပြောင်းထုတ်ထားတယ်လို့ သိရပါတယ်။ Apple ကတော့ လက်ရှိစမတ်ဖုန်းတွေထဲမှာ အကြမ်းခံဆုံးမှန်သားလို့ ဆိုပါတယ်။
iPhone XS နဲ့ iPhone XS Max တို့ဟာ မနှစ်ကထက် ရေစိုခံနိုင်စွမ်းရည်လည်း ပိုကောင်းလာပြီး၊ IP68 Rating ရရှိထားပါတယ်။ Apple ရဲ့ ကမ္ဘာ့ပထမဆုံး 7nm Chipset ဖြစ်တဲ့ A12 Bionic Chipset ကို အသုံးပြုထားပြီး၊ 64GB ၊ 256GB နဲ့ 512GB Storage မော်ဒယ်သုံးမျိုး ရွေးချယ်နိုင်မှာပါ။
7 Mega Pixel ရှေ့ကင်မရာနဲ့ ၊ iPhone X အတိုင်း 12MP Dual ကျောကင်မရာတို့ ပါဝင်ပြီး၊ ကင်မရာ Sensor တွေကိုလည်း အနည်းငယ် Upgrade လုပ်ထားပါတယ်။ Apple ဟာ ဓာတ်ပုံပေါင်းများစွာကို ရိုက်ကူးပြီးမှ အကောင်းဆုံး ပုံတပုံအဖြစ် ပေါင်းစည်းပေးမယ့် “Smart HDR” ကင်မရာစနစ် အသစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Portrait Mode မှာလည်း Background Blur ပမာဏကို ရိုက်ပြီးမှ ပြန်ချိန်နိုင်မှာဖြစ်ပါတယ်။
iPhone XS 64GB ကို အမေရိကန်ဒေါ်လာ ၉၉၉ ဒေါ်လာ နဲ့ ရောင်းချမှာဖြစ်ပြီး၊ XS Max 64GB ကိုတော့ ၁၀၉၉ ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ လာမယ့် သောကြာနေ့ကစတင် Pre-Order မှာနိုင်ပြီဖြစ်ပြီး၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။
နောက်ထပ်မိတ်ဆက်ခဲ့တဲ့ iPhone XR ကတော့ ဘတ်ဂျတ် iPhone မော်ဒယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့ မော်ဒယ်ဖြစ်ပါတယ်။ iPhone XS ၊ XS Max တို့နဲ့ အဓိကကွာခြားချက်ကတော့ OLED Display မဟုတ်ဘဲ LCD Display နဲ့ ဖြစ်သွားတာပါ။ Liquid Retina Display လို့ နာမည်ပေးထားပါတယ်။
နောက်ထပ်ကွာခြားချက်တခုက Flagship မော်ဒယ်တွေလို Dual Camera မဟုတ်တော့ဘဲ ကျောကင်မရာ ၁ လုံးတည်း ပါဝင်မှာပါ။ Portrait Mode တွေကိုတော့ Software အကူအညီနဲ့ ရိုက်ကူးနိုင်ဦးမှာဖြစ်ပါတယ်။ ကျန်တာတွေတော့ Flagship မော်ဒယ်တွေနဲ့ သိပ်မကွာခြားဘဲ Notch ပါဝင်တဲ့ Bezel-less Display ၊ TrueDepth ကင်မရာစနစ်နဲ့ Face ID ၊ A12 Bionic Chipset ၊ iOS 12 တို့နဲ့ ဖြစ်ပါတယ်။
3D Touch feature တော့ ဒီဖုန်းမှာ မပါဝင်လာတော့ဘဲ ရေစိုခံနိုင်စွမ်းရည်ကလည်း IP67 ဖြစ်သွားပါတယ်။ iPhone XR ကိုတော့ 64 GB ၊ 128GB နဲ့ 256 GB သုံးမျိုး ထုတ်မှာဖြစ်ပြီး၊ 512 GB မော်ဒယ်တော့ ရမှာမဟုတ်ပါဘူး။ ဈေးနှုန်းက ၇၄၉ ဒေါ်လာဆိုတော့ တန်ဖိုးနည်းလို့တော့ မခေါ်နိုင်ပေမယ့် iPhone X တခြားမော်ဒယ်တွေထက် ဈေးနည်းတဲ့အတွက် လူကြိုက်များနိုင်တဲ့ မော်ဒယ်ဖြစ်ပါတယ်။
iPhone XR ကို Black ၊ Blue ၊ Coral ၊ White ၊ Yellow နဲ့ PRODUCT (RED) အရောင် ၆ မျိုးနဲ့ ဝယ်ယူ ရရှိနိုင်မှာဖြစ်ကာ အောက်တိုဘာ ၁၉ ရက်နေ့မှာ Pre-Order မှာနိုင်မှာဖြစ်ပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့ရောက်မှာ နိုင်ငံပေါင်း ၅၀ မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
အခု မိတ်ဆက်လိုက်တဲ့ iPhone မော်ဒယ်အသစ် ၃ မျိုးလုံးမှာ ပထမဦးဆုံးအနေနဲ့ SIM နှစ်ကတ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရိုးရိုး SIM ကတ်တကတ်ရယ်၊ ဖုန်းထဲမှာ တခါတည်းထည့်ပေးထားတဲ့ Apple eSIM ကတ်ရယ်ကနေ နှစ်ကတ်အသုံးပြုနိုင်မှာပါ။
eSIM ကတော့ ကိုယ့်နိုင်ငံတွင်းက Telecom ကုမ္ပဏီတွေက support ပေးမှ သုံးနိုင်မှာဖြစ်ပါတယ်။ eSIM မရတဲ့ တရုတ်နိုင်ငံမှာတော့ SIM နှစ်ကတ် တခါတည်း ထည့်သုံးနိုင်တဲ့ ဗားရှင်းကို ရောင်းချဖို့ ရှိပါတယ်။
Ref: Gadgets NDTV