Huawei ဟာ ကြိုတင်ကြေညာထားတဲ့အတိုင်း Mid-range စမတ်ဖုန်း အသစ်တမျိုးကို တရုတ် ဈေးကွက် အတွက် စက်တင်ဘာလ ၁၂ ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဈေးကွက်မှာ Mate 20 Lite အဖြစ် မိတ်ဆက်ခဲ့တဲ့ ဖုန်းကို တရုတ် ဈေးကွက်အတွက် နာမည်ပြောင်းပြီး ထပ်မံ မိတ်ဆက်လိုက်တာပါ။
Huawei Maimang 7 မှာ ၆.၃ လက်မအရွယ် Full HD+ Resolution ရှိတဲ့ 19.5:9 Aspect Ratio သုံး Display ပါဝင်ပြီး၊ 2.5D Curved Glass ကို အသုံးပြုထားတဲ့အတွက် Display မှန်သားက အနည်းငယ် ခုံးနေမှာ ဖြစ်ပါတယ်။
Huawei ဟာ ယခုဖုန်း Display မှာ Notch ဒီဇိုင်းကို အသုံးပြုထားပြီး၊ Screen နဲ့ ကိုယ်ထည် အချိုး ၈၁ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ အရင် Maimang 6 ( Mate 10 Lite) ဖုန်းတုန်းက ၇၆.၅ ရာခိုင်နှုန်းပဲ ရှိတဲ့အတွက် အရင်မော်ဒယ်ထက် ဘောင်တွေ ပိုနည်းသွားပါတယ်။
Chipset ကိုတော့ Huawei ရဲ့ ကိုယ်ပိုင် Kirin 710 Processor ကို အသုံးပြုထားပြီး၊ Mali-G51 GPU နဲ့ ဖြစ်ပါတယ်။ 6GB RAM နဲ့ 64GB Internal Storage တို့ ပါဝင်မှာဖြစ်ပြီး၊ microSD ကတ်လည်း 256GB ထပ်စိုက်နိုင်မှာပါ။ Android Oreo စနစ်အခြေခံ EMUI 8.2 နဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။
Maimang 7 ဖုန်းရဲ့ အဓိကထူးခြားချက်တခုကတော့ 20-megapixel+2-megapixel ကင်မရာနှစ်လုံးတွဲကို ရှေ့ကော၊ နောက်မှာပါ အသုံးပြုထားပြီး၊ စုစုပေါင်း ကင်မရာ ၄ လုံးအထိ ပါဝင်မယ့် ဖုန်းဖြစ်ပါတယ်။ ကင်မရာမှာ AI နည်းပညာသုံး မြင်ကွင်းသိစနစ်လည်း ပါဝင်မယ်လို့ သိရပါတယ်။ အားအမြန်သွင်းစနစ် အသုံးပြုနိုင်တဲ့ 3,750mAh ဘက်ထရီနဲ့ ဖုန်းစွမ်းဆောင်ရည်ကို မြှင့်ပေးမယ့် GPU Turbo နည်းပညာတို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
Huawei Maimang 7 ကို အနက်၊ အပြာနဲ့ ရွှေရောင်ဆိုပြီး အရောင် ၃ မျိုး ထုတ်လုပ်သွားမှာဖြစ်ကာ ၂,၃၉၉ ယွမ် (၃၅၀ ဒေါ်လာခန့်) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ကြိုတင်အော်ဒါ မှာယူနိုင်ပြီဖြစ်ပြီး၊ စက်တင်ဘာ ၁၅ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref: Gizmo China