Google ကနေ Pixel 3 နဲ့ Pixel 3 XL တို့ကို တရားဝင် မိတ်မဆက်ရသေးပေမယ့်၊ ဒီဖုန်းတွေဟာ ဘယ်လို ဒီဇိုင်းနဲ့ ထွက်လာမလဲဆိုတာကို စာရေးသူတို့ အားလုံး သိခဲ့ရပြီး ဖြစ်ပါတယ်။ အခုတော့ ဒီဖုန်းတွေကို ဘယ်လို အရောင်တွေနဲ့ ထုတ်မလဲ ဆိုတာကိုပါ သိလိုက်ရပါပြီ။
Google ရဲ့ “coming soon” ကြော်ငြာ website မှာ ကုမ္ပဏီရဲ့ G အမှတ်တံဆိပ် ပါဝင်တဲ့ Pixel ဖုန်း ကောက်ကြောင်းကို တွေ့မြင်ရပြီး၊ G လိုဂိုကို နှိပ်လိုက်တာနဲ့ Mint, White နဲ့ Black ကာလာ အရောင် ၃ ရောင် ပြောင်းသွားတာကို တွေ့မြင်ရမှာပါ။
မနှစ်က Pixel 2 တုန်းကတော့ အဖြူ၊ အနက်နဲ့ အပြာ ၃ ရောင် ထုတ်ခဲ့ပေမယ့်၊ ဒီနှစ်မှာတော့ အရောင် အပြောင်းအလဲအဖြစ် အပြာရောင်အစား အစိမ်းရောင် တရောင်ဖြစ်တဲ့ “ပင်စိမ်းရောင်” နဲ့ ထုတ်သွားမှာ ဖြစ်ပါတယ်။
အရောင်တောက်တောက်ဖုန်း လိုချင်သူတွေအတွက်တော့ ဒီနှစ် Pixel 3 ဖုန်းအသစ်တွေက သိပ်သဘောကျစရာ ကောင်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စာရေးသူ မျက်လုံးထဲမှာတော့ ပင်စိမ်းရောင် အသစ်က ပိုလို့တောင် ဆွဲဆောင်မှု ရှိနေပါတယ်။
Google ဟာ Pixel စီးရီးဖုန်း အသစ်တွေဖြစ်တဲ့ Pixel 3 နဲ့ Pixel 3XL တို့ကို နယူးယောက်မြို့မှာ အောက်တိုဘာလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန် မိတ်ဆက်သွားမှာဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – Pixels ဖုန်းတွေအတွက် တရားဝင်ထွက်ရှိလာတဲ့ Android 9 Pie
Ref: Engadget, The Verge