၁၉၇၀ ပြည့်နှစ်နောက်ပိုင်း အမေရိကားရဲ့ Apollo မစ်ရှင်တွေပြီးဆုံးသွားပြီးနောက်မှာ ဘယ်သူမှ လကမ္ဘာကို မရောက်ဖြစ်သေးပါဘူး။ ၁၉၆၈ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ Apollo မစ်ရှင်တွေမှာ ပါဝင်ခဲ့သူ အာကာသယာဉ်မှူး ၂၄ ဦးအထိ လကမ္ဘာကို ရောက်ဖူးခဲ့ပြီး၊ ဒီ ၂၄ ဦးထဲကမှ ၁၂ ဦးပဲ လကမ္ဘာပေါ် အမှန်တကယ် ခြေချနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၁၉၇၂ ခုနှစ်နောက်ပိုင်း လကမ္ဘာကို လူသားတွေ ပထမဆုံးအကြိမ် ပြန်လည်သွားရောက်မယ့် ခရီးစဉ်တခုကို Elon Musk ရဲ့ SpaceX ကုမ္ပဏီကနေ ဦးဆောင်ပြုလုပ်တော့မှာဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ လိုက်ပါဖို့အတွက်လည်း အရပ်ဘက်ပုဂ္ဂိုလ်တဦးက စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း SpaceX ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ အဆိုပါပုဂ္ဂိုလ်ဟာ ကမ္ဘာ့ပထမဆုံး လကမ္ဘာကို အလည်အပတ်သွားရောက်နိုင်သူ အရပ်သားတဦး အဖြစ်လည်း မှတ်တမ်းဝင်သွားမှာပါ။ သူ့ရဲ့ နာမည်နဲ့ ရည်ရွယ်ချက်တို့ကတော့ မနက်ဖန် မနက် မြန်မာစံတော်ချိန် ၇ နာရီခွဲမှာ ပြုလုပ်မယ့် Livestream မှာ ကြေညာသွားမယ်လို့ SpaceX က ပြောထားပါတယ်။
လကမ္ဘာကို SpaceX ကနေ လက်ရှိထုတ်လုပ်နေဆဲဖြစ်တဲ့ BFR (Big Flacon Rocket) နဲ့ သွားရောက်မှာဖြစ်ပါတယ်။ BFR System ဟာ ၃၄၇ ပေ အရှည်ရှိတဲ့ ဒုံးကျည်နဲ့ အာကာသယာဉ် တွဲဖက်စနစ်တခုဖြစ်ပါတယ်။ SpaceX ဟာ BFR နဲ့ လကမ္ဘာတင်မက၊ အင်္ဂါဂြိုလ်အထိပါ လူလိုက်ပါ၊ သွားရောက်ဖို့အတွက် စီစဉ်ထားတဲ့ ဒုံးပျံဖြစ်ပါတယ်
BFR ဒုံးပျံကို လက်ရှိထုတ်လုပ်နေဆဲဖြစ်တာကြောင့်၊ ကမ္ဘာ့ပထမဆုံး အရပ်သားလိုက်ပါမယ့် လကမ္ဘာအလည်အပတ် ခရီးစဉ်ဟာ နောက်ထပ် တနှစ်လောက်တော့ အနည်းဆုံးကြာဦးမှာပါ။
ဒီခရီးစဉ်ဟာ လကမ္ဘာကို ချဉ်းကပ်ဝင်ရောက်ပြီး စူးစမ်းလေ့လာနိုင်မယ့် ခရီးစဉ်တခုသာဖြစ်ပြီး၊ လကမ္ဘာပေါ်ကိုတော့ အမှန်တကယ်ဆင်းသက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီခရီးစဉ်ဟာ အာကာသထဲကို ခရီးထွက်ချင်တဲ့ လူတိုင်းရဲ့ အိပ်မက်တွေကို အမှန်တကယ်ဖော်ဆောင်ပေးလာနိုင်မယ့် အရေးကြီးအဆင့်တခုဖြစ်တယ်လို့ SpaceX ကုမ္ပဏီက Twitter မှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဒီခရီးစဉ်မှာ ဘယ်သူလိုက်ပါမလဲဆိုတာကိုတော့ မနက်ဖြန်မနက်ကျရင် သိရမှာပါ။
Ref: Engadget, Space, LA Times