IT

Galaxy Note 9 ဖုန်း မီးစွဲလောင်မှုကြောင့် Samsung ကို တရားစွဲဆို

Samsung ဟာ လွန်ခဲ့တဲ့လမှာ Note မျိုးဆက်ရဲ့ နောက်ဆုံးမော်ဒယ်အသစ် Galaxy Note 9 ဖုန်းကို စတင်မိတ်ဆက်ခဲ့ပါတယ်။

အရင် Note 7 တုန်းက ဘက်ထရီ ပြဿနာကြောင့် မီးလောင်ဖူးတဲ့ အစဉ်အလာတွေ ရှိခဲ့ဖူးပြီး Samsung Mobile CEO ဖြစ်သူ DJ Koh က Note 9 မှာ ထည့်သွင်းထားတဲ့ 4,000mAh ဘက်ထရီဟာ လုံးဝ စိတ်ချရကြောင်းကို အလေးပေး ပြောခဲ့ရပါတယ်။

ဒါ့အပြင် Samsung အင်ဂျင်နီယာတွေဟာလည်း Note 9 ဟာ ဘက်ထရီ အန္တရာယ် မရှိကြောင်း ယုံကြည်မှုအပြည့် ရှိပြီး၊ အသုံးပြုသူတွေအနေနဲ့ ဘက်ထရီကိစ္စ ဘာမှ စိတ်ပူစရာ မလိုကြောင်း DJ Koh က ပြောခဲ့တာပါ။ ဒါပေမယ့် Note 9 ထွက်ပြီး ၁ လလောက် အကြာမှာတော့ Note 9 ဖုန်း မီးထလောင်တဲ့ သတင်းတခု ထွက်ပေါ်လာပါတယ်။

အမေရိကန်နိုင်ငံ၊ Long Island မှာ နေထိုင်သူ Diane Chung ဆိုတဲ့ အမျိုးသမီးဟာ လက်ကိုင်အိတ်ထဲမှာ Galaxy Note 9 ဖုန်း မီးထလောင်မှုကြောင့် Samsung ကုမ္ပဏီကို နစ်နာကြေး ရယူလိုမှုနဲ့ တရားစွဲဆို ထားတာပါ။

အဆိုပါ အမျိုးသမီးက Bayside အဆောက်အဦမှာ ဓာတ်လှေကား စီးနေတုန်း သူမရဲ့ Galaxy Note 9 ဖုန်းဟာ မတရား ပူလာခဲ့တာကို စတင်သတိထားမိခဲ့တယ်လို့ New York Post သတင်းစာကို ပြောကြားခဲ့ပါတယ်။ ဖုန်းအရမ်းပူလာတာကြောင့် ဖုန်းကို ဆက်မသုံးတော့ဘဲ လက်ကိုင်အိတ်ထဲ ထည့်ထားခဲ့ပေမယ့်၊ မကြာခင်မှာပဲ အိတ်ထဲကနေ တရွှီးရွှီးမြည်သံတွေ ထွက်ပေါ်လာပြီး ပိုက်ဆံအိတ်ထဲကနေလည်း မီးခိုးငွေ့တွေ ထွက်လာတယ်လို့ ဆိုပါတယ်။

Chung ဟာ လက်ကိုင်အိတ်ကို ဓာတ်လှေကားကြမ်းပြင်ပေါ် ချပြီး အိတ်ထဲက ပစ္စည်းတွေ ဆွဲထုတ်ဖို့ လုပ်ရာမှာလည်း မီးခိုးငွေ့တွေ ထွက်နေတဲ့ Galaxy Note 9 ဖုန်းကို ဆွဲယူမိတာကြောင့် လက်ချောင်းတွေ အပူလောင်သွားခဲ့ကြောင်း တရားရုံးမှာ တိုင်ကြားထားတာပါ။

အဆိုပါဖြစ်ရပ် ဖြစ်ပွားနေချိန်အတွင်း ဓာတ်လှေကားထဲမှာ တယောက်တည်း ရှိတာကြောင့် အရမ်း အကြောက်လွန်ကာ ဓာတ်လှေကား ခလုတ်တွေကို အတင်းဇွတ် နှိပ်ခဲ့တယ်လို့ Chung က ဆိုပါတယ်။ မီးခိုးငွေ့တွေဟာ ဓာတ်လှေကားအတွင်းတောင် ကောင်းကောင်း မမြင်ရတော့အောင် ပြည့်ကြပ်နေတယ်လို့ သူမက ပြောထားပါတယ်။

Chung ဟာ ဓာတ်လှေကားပွင့်သွားတာနဲ့ ဖုန်းကို ဓာတ်လှေကားအပြင်ဘက်ကို ကန်ထုတ်ခဲ့ပေမယ့်၊ ဖုန်းမှာ မီးဆက်စွဲနေသေးကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လူတယောက်က ဖုန်းကို အဝတ်နဲ့ ဆွဲပတ်ပြီး ရေပုံးတခုထဲ နှစ်လိုက်တော့မှပဲ မီးသေသွားကြောင်း Queens တရားရုံးချုပ်မှာ ထွက်ဆိုထားတာပါ။

မီးကြောင့် သူမအိတ်ထဲက ပစ္စည်းတွေ ထိခိုက်ဆုံးရှုံးခဲ့ရသလို၊ အလုပ်ကိစ္စတွေလည်း ဆက်သွယ်မှု မလုပ်နိုင်တော့ကြောင်း လျှောက်လဲထားပါတယ်။

Chung ဟာ အခုဖြစ်ရပ်ကြောင့် Samsung ကုမ္ပဏီဆီကနေ ပမာဏ မဖော်ပြထားတဲ့ နစ်နာကြေးကို တောင်းဆိုထားပြီး၊ Galaxy Note 9 ဖုန်း ရောင်းချမှုကိုလည်း ဟန့်တားပေးထားဖို့ တောင်းဆို ထားပါတယ်။ Samsung ရဲ့ ပြောရေးဆိုခွင့် ရှိသူတဦးကတော့ Galaxy Note 9 နဲ့ ပတ်သတ်ပြီး ဒီလိုအဖြစ်မျိုး အခုအချိန်ထိ မကြားဖူးသေးဘဲ၊ အခုဖြစ်ရပ်ကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ New York Post ကို ဖြေကြားခဲ့ပါတယ်။

Ref: New York Post

Loading