Facebook ရဲ့ ကြော်ငြာပြသမှုစနစ်ဟာ အလုပ်ခေါ်စာတွေကို ကျား၊ မ ခွဲခြားပြီး ပစ်မှတ်ထား ကြော်ငြာနိုင်အောင် အလုပ်ရှင်တွေအတွက် လုပ်ပေးထားကြောင်း စွပ်စွဲချက်နဲ့ သာတူညီမျှ အလုပ်အကိုင်အခွင့်အရေး ရရှိရေးကော်မရှင် (EEOC) ထံ အမေရိကန်နိုင်ငံသားအခွင့်အရေးသမဂ္ဂ (ACLU) ကနေ တိုင်ကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။
အဆိုပါတိုင်ကြားစာမှာ Ohio၊ Pennsylvania နဲ့ Illinois ပြည်နယ်က အမျိုးသမီးသုံးဦးကို ရည်ညွှန်းထားပြီး၊ အစဉ်အလာအရ အမျိုးသားတွေပဲ အလုပ်များတဲ့ လုပ်ငန်းနယ်ပယ်က ကြော်ငြာတွေကို သူတို့ဆီမှာ မပေါ်တဲ့အတွက် Facebook ကို ကျား၊ မ ခွဲခြားဆက်ဆံမှုနဲ့ စွပ်စွဲထားတာပါ။
စက်ပြင်၊ ခေါင်မိုးပြင်၊ လုံခြုံရေးအင်ဂျင်နီယာ စတဲ့ အလုပ်ခေါ်စာကြော်ငြာတွေကို Facebook မှာ တင်ခဲ့သူ အလုပ်ရှင် ၁၀ ဦးကို တိုင်ကြားစာမှာ ဖော်ပြထားပြီး၊ အဆိုပါအလုပ်ရှင်တွေဟာ Facebook ရဲ့ ပစ်မှတ်ထား ကြော်ငြာပြသမှုစနစ်ကို အသုံးပြုကာ ကြော်ငြာမြင်တွေ့ရမယ့် လူအမျိုးအစားကို ထိန်းချုပ်ခဲ့တယ်လို့ ဆိုပါတယ်။
သာဓကပြထားတဲ့ ကြော်ငြာတခုမှာ “အမျိုးသား” ၊ “အသက် ၂၅ နှစ်ကနေ ၃၅ နှစ်အတွင်း” ၊ နဲ့ “Philadelphia, Pennsylvania” တဝိုက်မှာ လတ်တလော နေထိုင်သူတွေကို ပစ်မှတ်ထား ကြော်ငြာထားကြောင်း ဖော်ပြထားပါတယ်။
ProPublica က ပြုလုပ်ခဲ့တဲ့ လေ့လာစုံစမ်းမှုတခုမှာလည်း Uber ရဲ့ အလုပ်အကိုင်ဌာနကနေ ကြော်ငြာထားတဲ့ အလုပ်ခေါ်စာတွေမှာ အမျိုးသားတွေကိုပဲ သီးသန့် ပစ်မှတ်ထား ကြော်ငြာထားတာ တွေ့ရှိခဲ့ရပါတယ်။
Facebook မှာ ကျား၊ မ ခွဲခြားပြီး ကြော်ငြာတာဟာ အဝတ်အစား အမှတ်တံဆိပ်တွေလို လုပ်ငန်းတွေအတွက် ပြဿနာ သိပ်မရှိပေမယ့်၊ အလုပ်ခေါ်စာကြော်ငြာတွေကို အလားတူ ပြုလုပ်တာကတော့ တည်ဆဲ အမေရိကန်ဥပဒေနဲ့ မညီဘူးလို့လည်း သိရပါတယ်။
၁၉၆၄ အမေရိကန်နိုင်ငံသားအခွင့်အရေးအက် ဥပဒေအရ နိုင်ငံသားတယောက်ကို “လူမျိုး၊ အသားအရောင်၊ ကိုးကွယ်ရာဘာသာ၊ လိင် နဲ့ ဇာတိနိုင်ငံ” တို့ကြောင့် ခွဲခြားဆက်ဆံမှုကို တားမြစ်ထားပါတယ်။ အလုပ်စခေါ်တဲ့ အဆင့်ကနေ အလုပ်အကိုင် ခန့်ထားမှုအဆင့်ဆင့်မှာ ယခုဥပဒေက အကျုံးဝင်တဲ့အတွက် Facebook က ကျား၊ မခွဲခြားဆက်ဆံမှုနဲ့ တိုင်ကြားထားတာ ဖြစ်ပါတယ်။
“ အမျိုးသားတွေပဲ ကြီးစိုးထားတဲ့ လုပ်ငန်းနယ်ပယ်က အလုပ်ရှင်တွေအနေနဲ့ အမျိုးသားသီးသန့် အလုပ်ခေါ်တဲ့အခါ၊ အမျိုးသမီးတွေဘက်က အဆိုပါလုပ်ငန်းနယ်ပယ်တွေကို ထိုးဖောက်ဝင်ရောက်ဖို့ မဖြစ်နိုင်တော့ပါဘူး” လို့ ACLU ရဲ့ အမျိုးသမီးအခွင့်အရေးပရောဂျက်က Galen Sherwin က ဆိုပါတယ်။
“ ဒီထက်ဆိုးတာကတော့၊ ဒီ Facebook ကြော်ငြာတွေကို နှိပ်လိုက်တယ်ဆိုရင် အဲဒီကုမ္ပဏီကနေ ခေါ်ထားတဲ့ တခြားရာထူး၊ အလုပ်အကိုင်တွေကို ဖော်ပြထားတဲ့ Page ကို ထပ်ရောက်သွားတာ ရှိပါတယ်။ အလုပ်လျှောက်ထားသူ (အမျိုးသမီး) တွေအနေနဲ့ အရည်အချင်းပြည့်မီနိုင်တဲ့ အလုပ်အကိုင်တွေလည်း ရှိမှာပါ။ ဒါပေမယ့် အမျိုးသမီးတယောက်မှ ဒီကြော်ငြာတွေကို မမြင်တာကြောင့်၊ ကြော်ငြာမှာ ရွေးချယ်ဖော်ပြထားတဲ့ အလုပ်အကြောင်းလည်း မသိရတော့သလို၊ တခြားအလုပ်အကိုင်အခွင့်အရေးတွေကိုလည်း သူတို့ မသိရတော့ပါဘူး” လို့ သူမက ပြောကြားထားပါတယ်။
Facebook ကတော့ ACLU ရဲ့ တိုင်ကြားချက်ကို စစ်ဆေးမှုပြုလုပ်နေပြီး၊ ခုခံချေပဖို့ ရှိတယ်လို့ ဆိုပါတယ်။
Ref: BBC, New York Times