ဆိုရှယ်မီဒီယာ ကျယ်ပြန့်လာတဲ့ ခေတ်ကြီးမှာ ကုမ္ပဏီတိုင်းက အပြိုင်အဆိုင်နဲ့ ဈေးကွက်မှာ နာမည်ရဖို့ ကြိုးစားလာ ကြပါတယ်။ တချို့က တပ်ခေါက်ပြီး နောက်ပြန်ဆုတ်လိုက်ရပေမယ့် တချို့က အမှတ်မထင်လောက်အောင် အောင်မြင်မှုတွေ ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။
“Facebook”, “Instagram” အစရှိတဲ့ နာမည်ကြီး Application တွေထဲကမှ တရုတ်ပြည်က လူတွေကြား အသုံးများတဲ့ App ဖြစ်တဲ့ WeChat အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။
မြန်မာနိုင်ငံက တရုတ်နိုင်ငံခြား ကုမ္ပဏီနဲ့ အလုပ်လုပ်ဖူးတဲ့သူတွေဆို သိကြပါလိမ့်မယ်။ သူတို့နဲ့ ဆက်သွယ်ရမယ်ဆိုရင် မရှိမဖြစ် WeChat အကောင့်ဖွင့်ရပါတယ်။ Facebook messenger ကနေ ဆက်သွယ်လို့ ရပေမယ့်လည်း သူတို့အနေနဲ့က WeChat ကို အသုံးပြုဖို့ အားသန်ပါတယ်။ ဒါဆိုရင် WeChat အကြောင်းသွားကြည့်ရအောင်။
Weixin (သို့မဟုတ်) WeChat ဟာ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ Tencent Guangzhou Research and Project က အစပြုခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှာ တရားဝင် မိတ်ဆက်ခဲ့ပြီး အခုဆိုရင် တရုတ်ပြည်မှာ အလွှမ်းမိုးနိုင်ဆုံး Application တခု ဖြစ်သလို နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံသူတွေ အားလုံးကို စိတ်ပါဝင်စားစေခဲ့ပါတယ်။
လက်ရှိမှာ WeChat အသုံးပြုသူတွေအနေနဲ့ စကားပြောခြင်း၊ ပုံတင်ခြင်း၊ ခံစားချက် မျှဝေခြင်း၊ ဂိမ်းကစားခြင်း၊ သတင်းဖတ်ခြင်း၊ ဈေးဝယ်ခြင်း၊ ငွေလွှဲခြင်း စတာတွေကိုလုပ်နိုင်ပြီ ဖြစ်သလို နေမကောင်းရင်တောင်မှ ဆရာဝန်ဆီကို ဘိုကင်ကြိုတင်တာမျိုး လုပ်လို့ ရနေပါပြီ။
WeChat ကို စတင်စဉ်က မက်ဆေ့ချ်ပို့ဖို့အတွက်သာ အဓိကဖြစ်ပြီး နောက်ပိုင်းမှာ အသုံးပြုသူရဲ့ Comment တခုကြောင့် အသံဖိုင် ပို့လို့ရအောင် ပြောင်းလဲခဲ့ပါတယ်။ အလုပ်ရှုပ်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အသံဖိုင်ပေးပို့ခြင်းက အဆင်ပြေတာကြောင့် လူသုံးများလာပါတယ်။
၂၀၁၂ ခုနှစ်၊ မတ်လမှာတော့ WeChat အသုံးပြုသူ သန်း ၁၀၀ ကျော်ခဲ့ပါတယ်။ WeChat ရဲ့ပြိုင်ဘက်ဖြစ်တဲ့ နိုင်ငံခြား အက်ပလီကေးရှင်း WhatsApp က ၂၀၁၇ ခုနှစ်က တရုတ်ပြည်မှာ အသုံးပြုဖို့ ပိတ်ပင်လိုက်တာကြောင့် WeChat ဟာ ပြိုင်ဘက်ကင်း ရပ်တည်နိုင်ခဲ့ပါတယ်။
ငွေပေးသွင်းနိုင်တဲ့စနစ်တွေကို ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ပြီးလက်ရှိ မလေးရှားက တရုတ်ဈေးသည်တွေကလည်း WeChat Pay နဲ့ အလုပ်ဖြစ်နေကြပါတယ်။ အောင်မြင်မှုတွေ ရှိသလို ကျရှုံးမှုတွေကိုလည်း မလွဲမသွေ ရင်ဆိုင်ရတဲ့အထဲမှာ လိင်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကြောင့် WeChat က နာမည်ပျက်ခဲ့ပါသေးတယ်။
အွန်လိုင်းပေါ်က ငွေကြေးလိမ်လည်မှုလုပ်ဖို့အတွက် အကောင့်အတုတွေများလာတာကြောင့် ၂၀၁၈ မှာ WeChat Mini program စတင်ခဲ့ပါတယ်။ Mini program က ထင်သလောက် ခရီးမပေါက်ခဲ့ပေမဲ့ mini game လုပ်လိုက်တဲ့အချိန်မှာတော့ နေ့စဉ်အသုံးပြုသူသန်း ၁၀၀ ကျော် ရှိလာပါတယ်။ ဒီနှစ် ဇွန်လမှာဆိုရင် Mini program အသုံးပြုသူပေါင်းဟာ သန်း ၆၀၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
အခုဆိုရင် WeChat ဟာ တရုတ်လူမျိုးတွေရဲ့နေ့စဉ်သုံး Application ဖြစ်လာပြီး ဘူတန်နိုင်ငံမှာတောင် လူသုံးများနေပါတယ်။
Ref ; www.scmp.com