Alexa Digital Assistant ပါဝင်တဲ့ ပစ္စည်းတွေကို အစုံအလင်ထုတ်လုပ်လျက်ရှိတဲ့ Amazon ဟာ အခုအခါမှာလည်း Alexa အသုံးပြုနိုင်တဲ့ Microwave တလုံးကို မိတ်ဆက်လိုက်ပြန်ပါတယ်။
AmazonBasics လို့ နာမည်ပေးထားတဲ့ မိုက်ခရိုဝေ့ဖ်မှာ Bluetooth Low Energy (LE) နဲ့ Wi-Fi အစိတ်အပိုင်းတို့ ပါဝင်ပြီး သာမန် အိမ်သုံးပစ္စည်းတွေကို Echo devices တွေနဲ့ ချိတ်ဆက်ပြီး စမတ်လုပ်ဆောင်ချက်တွေ ယူဆောင်လာပေးမယ့် Alexa Connect Kit ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
ဒီမိုက်ခရိုဝေ့ဖ်ကို ထုတ်လုပ်ရာမှာ မီးဖိုအတွင်းထဲကို Wi-Fi လှိုင်းဝင်အောင်နဲ့ ချိတ်ဆက်နိုင်အောင် လုပ်ရတာကတော့ စိန်ခေါ်မှုတခုဖြစ်တယ်လို့ Amazon က ပြောကြားခဲ့ပါတယ်။
AmazonBasics မိုက်ခရိုဝေ့ဖ်ရဲ့ အသံထိန်းချုပ် လုပ်ဆောင်ချက်တွေကို အသုံးပြုမယ်ဆိုရင်တော့ Echo device တခု ရှိထားဖို့ လိုအပ်မှာပါ။ မရှိရင်တော့ သာမန် မိုက်ခရိုဝေ့ဖ်တလုံးလိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
“Alexa, one potato” လို့ ပြောလိုက်တာနဲ့ မိုက်ခရိုဝေ့ဖ်က အလိုအလျောက် အချိန်သတ်မှတ် ပေးလိုက်တာကို တွေ့မြင်ရပါတယ်။ “Alexa, add 30 seconds to the microwave” လို့ ပြောလိုက်တာနဲ့ အချိန်ထပ်တိုးပေးလိုက်ပြီး၊ ပိတ်ချင်ရင်လည်း အသံနဲ့တင် ပိတ်နိုင်ပါတယ်”
“ဒီမိုက်ခရိုဝေ့ဖ်ရဲ့ ကောင်းမွန်တဲ့ အချက်တခုကတော့ အစားအသောက် အမျိုးအစားအလိုက် အချိန်ဘယ်လောက်စီ ထားသင့်လဲဆိုတာကို ခေါင်းရှုပ်ခံ မှတ်နေစရာ မလိုတော့ဘဲ မိုက်ခရိုဝေ့ဖ်က အလိုလို သိနိုင်မှာဖြစ်ပါတယ်။ Alexa ခေါ်ဖို့အတွက် သီးသန့် ခလုတ်ခုလည်း ပါဝင်ပါတယ်” လို့ Amazon Devices ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ Dave Limp က မိတ်ဆက်ပွဲမှာ ပြောပါတယ်။
AmazonBasics မိုက်ခရိုဝေ့ဖ်မှာ Amazon ရဲ့ Dash Replenishment Services လည်း တခါတည်း ပါဝင်တာကြောင့်၊ ပြောင်းဖူးပေါက်ပေါက် ကုန်တော့မယ်ဆိုတာနဲ့ Amazon ကနေ အလိုအလျောက် မှာပေးမှာ ဖြစ်ပါတယ်။
AmazonBasics Microwave ကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၅၉ ဒဿမ ၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – Google နဲ့ Argos တို့ ပူးပေါင်းပြီး “အသံနဲ့ ဈေးဝယ်ယူနိုင်တဲ့ စနစ်” မိတ်ဆက်
“ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်” ဖြစ်လာတဲ့ Amazon တည်ထောင်သူ Jeff Bezos
Ref: Engadget, The Verge