အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့မှာ Digital Marketing အသုံးစရိတ်ဟာ မနှစ်က ကန်ဒေါ်လာ ၅၂ ဘီလီယံအထိ ရှိခဲ့ပြီး၊ ယခင်နှစ်ထက် ၄၄ ရာခိုင်နှုန်း ပိုများလာကြောင်း လေ့လာမှုတခုမှာ ဖော်ပြထားပါတယ်။
Digital Marketing အတွက် တကမ္ဘာလုံးအသုံးစရိတ်ဟာ ကန်ဒေါ်လာ ၁၀၀ နီးပါး ကပ်လာပြီ ဖြစ်ကြောင်းလည်း ခန့်မှန်း တွက်ချက်ထားပါတယ်။
“ကြော်ငြာရှင် ကုမ္ပဏီတွေအနေနဲ့ Digital Marketing အတွက် ကိုယ်ပိုင်ဌာန (in-house) တွေ ဖွဲ့စည်းဖို့ ကြိုးပမ်းလာသလို၊ ဆက်လက်ယှဉ်ပြိုင်နိုင်ဖို့အတွက် Marketing နည်းပညာ (martech) မှာလည်း ငွေကြေးပိုမိုသုံးစွဲဖို့ လုပ်နေကြပါတယ်” လို့ UK စာရင်းအင်းနဲ့ စီးပွားရေးအကြံပေးကုမ္ပဏီ Moore Stephens ရဲ့ လက်တွဲဖက် ပါတနာဖြစ်သူ၊ ယခုလေ့လာမှုစစ်တမ်းကို ပြုစုခဲ့တဲ့ Damian Ryan က ဆိုပါတယ်။
“ယခုကုန်ကျစရိတ်ဟာ မီဒီယာအသုံးစရိတ် ဖြစ်သလို၊ မီဒီယာဗဟိုပြု အေဂျင်စီတွေရဲ့ တန်ဖိုးကိုလည်း ပြန်လည် ရိုက်ခတ်မှု ရှိပါလိမ့်မယ်” လို့လည်း သူက ဒီဂျစ်တယ်ခေတ်ထဲ ဝင်အောင် ရုန်းကန်နေရတဲ့ သမားရိုးကျကြော်ငြာ အေဂျင်စီတွေကို ရည်ညွှန်းပြောကြားခဲ့ပါတယ်။
Moore Stephens ရဲ့ ယခုစစ်တမ်းကို ကြော်ငြာနဲ့ မီဒီယာအတိုင်ပင်ခံကုမ္ပဏီ WARC တို့ ဦးဆောင် ပြုလုပ်ခဲ့တာဖြစ်ပြီး၊ မြောက်အမေရိက၊ အာရှ-ပစိဖိတ်နဲ့ ဥရောပ တို့က ကုမ္ပဏီပေါင်း ၈၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။
စစ်တမ်းအရ ဗြိတိန်နဲ့ မြောက်အမေရိကက ကုန်ပစ္စည်းအမှတ်တံဆိပ် (Brands) တွေဟာ အသုံးစရိတ် ၂၃ ရာခိုင်နှုန်း လောက်ကို Digital Marketing မှာ အသုံးပြုကြပြီး၊ အရင်နှစ်ကထက် ၁၆ ရာခိုင်နှုန်း ပိုမြင့်တက်လာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
U.S နည်းပညာဘတ်ဂျတ်ရဲ့ ၆၃ ရာခိုင်နှုန်းကို in-house မှာ ပြန်လည်အသုံးပြုပြီး၊ အရင်နှစ်က ၄၄ ရာခိုင်နှုန်းနဲ့ ယှဉ်ရင် ပိုမိုမြင့်တက်လာတာလည်း တွေ့ရပါတယ်။
ကြော်ငြာရှင်တွေအတွက် တနေရာတည်းအပြီးအစီးဝန်ဆောင်မှုပေးတဲ့ ပလက်ဖောင်းကုမ္ပဏီတွေ ပေါ်ထွက်လာတာဟာ လည်း စောင့်ကြည့်သင့်တဲ့ အကြောင်းအရာတခုဖြစ်ကြောင်း Ryan က Reuters နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
“ကုန်ပစ္စည်းအမှတ်တံဆိပ် (Brands) တွေအနေနဲ့ အေဂျင်စီတွေကို ဒေတာနဲ့ ပတ်သတ်ပြီး မယုံကြည်ချင်ကြပါဘူး။ မားကက်တင်းနည်းပညာကို ကိုယ်တိုင် ခြယ်လှယ် လုပ်နိုင်ဖို့ လုပ်လာကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတွက် ငွေပိုသုံးလာကြပေမယ့် အေဂျင်စီတွေနဲ့တော့ လက်တွဲ လုပ်နေရတုန်းပါပဲ” လို့ Ryan က ပြောကြားခဲ့ပါတယ်။
ဈေးကွက်လေ့လာရေးကုမ္ပဏီ Zenith က ထုတ်ပြန်ခဲ့တဲ့ နောက်ထပ် အစီရင်ခံစာမှာလည်း တကမ္ဘာလုံးရဲ့ ကြော်ငြာ အသုံးစရိတ်ဟာ ၂၀၁၈ ခုနှစ်အကုန်မှာ အမေရိကန်ဒေါ်လာ ၅၈၁ ဘီလီယံ အထိ ရှိနိုင်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။
အသုံးစရိတ်အများဆုံး တိုးမြင့်လာမယ့် ကဏ္ဍတွေကတော့ ရှာဖွေရေးအင်ဂျင်မှာ Sponsored Content နဲ့ ဆိုရှယ်မီဒီယာ ကြော်ငြာကဏ္ဍတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Reuters, EJN Insight