Instagram ကနေ ဈေးဝယ်ယူနိုင်တဲ့ လုပ်ဆောင်ချက်ကို မိတ်ဆက်ပြီး တပတ်အကြာမှာ၊ Snapchat ကလည်း Amazon နဲ့ ပူးပေါင်းကာ ရှော့ပင်းလုပ်ဆောင်ချက်တခုကို မိတ်ဆက်လိုက်ပါတယ်။
Snapchat ရဲ့ ရှော့ပင်းလုပ်ဆောင်ချက်ကိုတော့ ‘Visual Search’ လို့ နာမည်ပေးထားပြီး၊ အသုံးပြုသူတွေအနေနဲ့ Snap ကင်မရာကနေ အပြင်က ပစ္စည်းတခု ဒါမှမဟုတ် ဘားကုဒ်တခုကို ချိန်ပြီး၊ ဖိထားလိုက်တာနဲ့ အဆိုပါပစ္စည်းနဲ့ အလားတူပစ္စည်းတွေ တန်းပေါ်လာမှာဖြစ်ပါတယ်။
Amazon ကတ်မှာ ပစ္စည်းရဲ့ နာမည်၊ ဈေးနှုန်း၊ ဓာတ်ပုံနဲ့ ပျှမ်းမျှ Review ရမှတ်နဲ့ Prime ရရှိမှုတို့ကို ဖော်ပြထားတဲ့ Amazon ကတ်တခု ပေါ်လာမှာဖြစ်ပါတယ်။ အသုံးပြုသူအနေနဲ့ ဝယ်ချင်တယ်ဆိုရင် အဆိုပါကတ်ကို နှိပ်လိုက်ရုံနဲ့ Amazon app ဒါမှမဟုတ် ဝက်ဘ်ဆိုဒ် တန်းရောက်သွားမှာဖြစ်ပါတယ်။
အသုံးပြုသူက သီချင်း Scan ဖတ်တာလား၊ QR Snapcode ဒါမှမဟုတ် ပစ္စည်းတခုခုကို Scan ဖတ်တာလားဆိုတာကို Snapchat က ခွဲခြားပေးမှာဖြစ်ပြီး၊ Amazon ရဲ့ Machine Vision နည်းပညာက လိုဂို၊ သရုပ်ဖော်ပုံ၊ ပါကင်အဖုံး နဲ့ တခြားထင်ရှားတဲ့အမှတ်အသားတွေကို စစ်ဆေးဖတ်ရှုကာ သက်ဆိုင်တဲ့ပစ္စည်းကို ရှာပေးမှာဖြစ်ပါတယ်။
Snapchat ရဲ့ Visual Search လုပ်ဆောင်ချက်ကို အမေရိကန်က အသုံးပြုသူတွေအနည်းငယ်ဆီမှာ အရင်ထုတ်ပေးကာ စမ်းသပ်လျက်ရှိပါတယ်။ ပြီးမှ တခြားနိုင်ငံတွေအတွက်လည်း ထုတ်ပေးမှာပါ။
Amazon နဲ့ ပူးပေါင်းမှုကနေ Snapchat အတွက် ဘယ်လောက်အကျိုးအမြတ်ရရှိမလဲဆိုတာကိုတော့ တရားဝင် မဖော်ပြခဲ့ပါဘူး။
လူမှုကွန်ရက်ကြီးတွေဖြစ်တဲ့ Snapchat နဲ့ Instagram တို့ဟာ ဝင်ငွေရရှိနိုင်မယ့် တခြားရင်းမြစ်တွေကို ရှာဖွေလျက်ရှိပြီး၊ အွန်လိုင်းရှော့ပင်းကတော့ ကုမ္ပဏီနှစ်ခုစလုံးရဲ့ အကြီးဆုံးပစ်မှတ်ဖြစ်ပါတယ်။
Snapchat အနေနဲ့ ပြီးခဲ့တဲ့ သုံးလပတ်တုန်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် အသုံးပြုသူဦးရေ ကျဆင်းခဲ့ပါတယ်။ ဝင်ငွေရရှိမှု တိုးလာပေမယ့်လည်း စုစုပေါင်း ကန်ဒေါ်လာ ၃၅၃ သန်း အရှုံးပေါ်ခဲ့ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကုမ္ပဏီအတွက် နည်းပညာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ အကောင်အထည်ဖော်မယ့်အစား အခုလို Amazon နဲ့ လက်တွဲလုပ်ဆောင်တာက Snapchat အတွက် ငွေကြေးကုန်ကျမှု ပိုလျော့နည်းမှာပါ။
ဆက်စပ်ဖတ်ရှုရန် – Kylie Jenner အသုံးမပြုတော့လို့ ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ အရှုံးပေါ်သွားတဲ့ Snapchat
အသံနဲ့ ထိန်းချုပ်နိုင်တဲ့ Alexa မိုက်ခရိုဝေ့ဖ်ကို Amazon မိတ်ဆက်
Ref: 9to5Google, Tech Crunch