Intel ကို ကူညီဖို့ Qualcomm ရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူခဲ့ကြောင်း Apple စွပ်စွဲခံရ
Apple ဟာ ကုမ္ပဏီရဲ့ Chip ထုတ်လုပ်မှုနည်းပညာလျှို့ဝှက်ချက်တွေကို ခိုးယူကာ၊ ပြိုင်ဘက် Intel ကုမ္ပဏီကို ပေးအပ်ခဲ့ကြောင်း Qualcomm က အင်္ဂါနေ့မှာ စွပ်စွဲပြောကြားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Apple ဟာ ပိုမိုကောင်းမွန်လာတဲ့ Intel Semiconductor တွေကို ပြောင်းသုံးခဲ့တာကြောင့် Qualcomm အတွက် ဝင်ငွေ ဘီလီယံဒေါ်လာများစွာ နစ်နာဆုံးရှုံးမှု ရှိခဲ့ရတယ်လို့ ဆိုထားပါတယ်။
Qualcomm ကုမ္ပဏီက ယခုစွပ်စွဲချက်ကို တရားရုံးတော်မှာ အင်္ဂါနေ့က ထပ်တိုး အမှုဖွင့်ခဲ့ပြီး၊ မပြီးဆုံးနိုင်တဲ့ Apple နဲ့ Qualcomm ကြား မူပိုင်ခွင့်တိုက်ပွဲရဲ့ နောက်ဆုံးတင်းမာမှုလို့ ဆိုရမှာပါ။
ပြီးခဲ့တဲ့နိုဝင်ဘာလအမှုမှာကတည်းက Apple ဟာ Qualcomm ရဲ့ လျှို့ဝှက်ဆော့ဖ်ဝဲကို အလွဲသုံးစားပြုလုပ်ပြီး Chipset ဆိုင်ရာ သတင်းအချက်အလက်တွေကို Intel အင်ဂျင်နီယာတွေဆီ ပြန်လည်မျှဝေပေးခဲ့တယ်ဆိုပြီး Qualcomm က တရားစွဲဆိုထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယခုတပတ် အင်္ဂါနေ့မှာတော့ Apple အနေနဲ့ Qualcomm ရဲ့ ကုန်သွယ်မှုလျှို့ဝှက်ချက်တွေကိုပါ ခိုးယူခဲ့ကြောင်း ထပ်လောင်းစွပ်စွဲပြောကြားခဲ့ပါတယ်။
ဒါဟာ Apple ရဲ့ ကျင့်ဝတ်မရှိ သိမ်ဖျင်းယုတ်ညံ့တဲ့ နှစ်ပေါင်းများစွာ ကလိမ်ကကျစ် အစီအစဉ်တွေ ထဲက တခုဖြစ်ပြီး၊ Qualcomm ပြိုင်ဘက်တွေရဲ့ Chipset ကို ပိုကောင်းအောင် လုပ်ပေးပြီး အဆုံးသတ်မှာ Qualcomm ကို လက်တွဲဖြုတ်ဖို့ Apple ရဲ့ ရည်ရွယ်ချက်တွေ ဖြစ်တယ်လို့ Qualcomm က ပြောကြားခဲ့ပါတယ်။
Apple ကတော့ Qualcomm ရဲ့ ယခုစွပ်စွဲမှုကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ယခုအမှုမှာ ထည့်သွင်း တရားစွဲဆိုထားခြင်း မရှိတဲ့ Intel ကုမ္ပဏီကလည်း မှတ်ချက် မပေးခဲ့ပါဘူး။
ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီဖြစ်တဲ့ Apple ဟာ အရင်က iPhone တွေမှာ Qualcomm က ထုတ်တဲ့ modem chips တွေကိုပဲ တစိုက်မတ်မတ်သုံးခဲ့ပေမယ့်၊ ၂၀၁၆ ခုနှစ် iPhone 7 မှာတော့ တချို့မော်ဒယ်တွေမှာ Intel modem chips တွေကိုပါ ထည့်သွင်းအသုံးပြုခဲ့တာ ဖြစ်ပါတယ်။
အခု အသစ်ထွက်လာတဲ့ iPhone မော်ဒယ်အသစ်အကုန်လုံးမှာတော့ Qualcomm modem chip တွေကို လုံးဝမသုံးတော့ဘဲ၊ Intel ကပဲ Apple ရဲ့ တဦးတည်း Supplier ဖြစ်သွားကြောင်း Qualcomm က ဇူလိုင်လမှာ ရင်းနှီးမြှုပ်နှံသူတွေကို ထုတ်ဖော်အသိပေးခဲ့ပါတယ်။ အခု iPhone အသစ်တွေကို ဖြုတ်၊စစ်ဆေးမှု (Teardown) တွေမှာလည်း Intel modem chips တွေကိုပဲ တွေ့ရပါတယ်။
Apple ကတော့ Qualcomm ရဲ့ စွပ်စွဲချက်တွေဟာ ယုံကြည်လောက်ဖွယ် မကောင်းဘဲ၊ Qualcomm ပြောသလို Intel ကို သူတို့ ခိုးပေးခဲ့တဲ့ လျှို့ဝှက်အချက်အလက်တွေက ဘာလဲ ဆိုတာကိုလည်း Qualcomm ဘက်က ဖြေကြားနိုင်ခြင်း မရှိကြောင်း လွန်ခဲ့တဲ့လက ပြန်လည် ချေပခဲ့ပါတယ်။
Ref: Reuters