IT

HP က စာအုပ်ပုံစံ အသံထိန်းချုပ်ပရင်တာကို မိတ်ဆက်

နည်းပညာပစ္စည်းတွေဟာ တနှစ်ပြီးတနှစ် အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲလာတယ်ဆိုပေမယ့်၊ ပြောင်းလဲမှု သိပ်မရှိတဲ့အထဲမှာ ပရင်တာတွေကို တွေ့ရမှာပါ။

အထူးသဖြင့် ပရင်တာ အများအပြားရဲ့ ဒီဇိုင်းဟာ ကြည့်ရဆိုးပြီး၊ ၉၀ ခုနှစ်လောက်ကို ပြန်ရောက်သွားသလို ခံစား ရပါတယ်။ ဒါပေမယ့် အခုမိတ်ဆက်လိုက်တဲ့ HP ရဲ့ Tango ပရင်တာကတော့ ယခုစမတ်ခေတ်နဲ့ လိုက်လျောညီထွေရှိတဲ့ ပရင်တာတလုံး လို့ ပြောရမှာပါ။

HP ရဲ့ Tango ပရင်တာဟာ ဘယ်နေရာရောက်ရောက် ပရင့်ထုတ်နိုင်တဲ့ ပရင်တာတလုံးဖြစ်ပြီး၊ Alexa ၊ Cortana နဲ့ Google Assistant ပါဝင်တဲ့ စမတ်စပီကာတွေက အသံနဲ့ ခိုင်းဆိုမှုတွေကိုလည်း လက်ခံလုပ်ဆောင်နိုင်ပါတယ်။

Amazon ရဲ့ Dash လိုမျိုး ဘယ်တော့မှပစ္စည်းမပြတ်အောင် မှာပေးမယ့် Instant Ink ဝန်ဆောင်မှုလည်း Tango မှာ ပါဝင်ပါသေးတယ်။ မှင်လက်ကျန်နည်းနေပြီဆိုတာနဲ့ မှင်အသစ်အလိလိုမှာပေးတာကြောင့် ပရင့်ထုတ်ခါနီး စာရေးကိရိယာ ဆိုင်ပြေးရတာမျိုး ကြုံတွေ့ရတော့မှာ မဟုတ်ပါဘူး။

ဒီလိုအမိုက်စား Feature တွေအပြင် Tango ပရင်တာရဲ့ နောက်ထပ်ဆွဲဆောင်မှုတခုကတော့ စာအုပ်အရွယ်အစား ဒီဇိုင်းပါ။ အရွယ်အစားက စာအုပ်အထူတအုပ်စာလောက်သာ ရှိပြီး၊ စာအုပ်အဖုံးနဲ့ ကာဗာတွေလည်း တပ်လို့ရတာ ကြောင့် စားပွဲပေါ်တင်ထားရင် ပရင်တာလို့တောင် ထင်စရာ မရှိပါဘူး။

Tango ပရင်တာကို လာမယ့် အောက်တိုဘာလမှာ ၁၄၉ ဒေါ်လာနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး၊ စာအုပ်အဖုံးပုံစံ ကာဗာပါတဲ့ Tango X မော်ဒယ်ကိုတော့ ၁၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref: Engadget, Tech Crunch

Loading