LG စမတ်ဖုန်းပရိတ်သတ်တွေ စောင့်မျှော်လင့်နေတဲ့ V40 ThinQ စမတ်ဖုန်းကို မနေ့ညက တရားဝင် မိတ်ဆက် သွားခဲ့ပါတယ်။ ပွဲအနေနဲ့ မိတ်ဆက်တာမဟုတ်ဘဲ ဖုန်းဒီဇိုင်းအကြောင်း မိတ်ဆက် ဗီဒီယိုကိုသာ တင်ခဲ့တာ ဖြစ်တာကြောင့် ဖုန်းရဲ့ အချက်အလက်အကုန်လုံးကိုတော့ မသိရှိရသေးပါဘူး။
ဒါပေမယ့် စုစုပေါင်း ကင်မရာ ၅ လုံးအထိ ပါမယ်ဆိုတာရယ်၊ နူးညံ့တဲ့ဒီဇိုင်း၊ ကာလာနဲ့ ပစ္စည်းအရည်အသွေး အကြောင်းတွေကိုတော့ ဗီဒီယိုမှာ အသားပေးဖော်ပြသွားတာကို တွေ့မြင်ရမှာပါ။
ကင်မရာ ၅ လုံးဆိုပေမယ့် ကျောကင်မရာ ၅ လုံး ပါဝင်တာ မဟုတ်ဘဲ ကျောဘက်ကင်မရာ ၃ လုံးနဲ့အရှေ့ ကင်မရာ ၂ လုံးတို့ ပါဝင်တာပါ။ ကင်မရာ Specifications ကိုတော့ သေချာ မဖော်ပြထားသေးပါဘူး။
V40 ThinQ ဖုန်းမှာ “Glass-sandwich” ဒီဇိုင်းကို အသုံးပြုထားပြီး၊ ကျောဘက် မှန်သား ကိုယ်ထည်ကို ပိုမိုချောမွတ် နူးညံ့နေအောင် သဲမှုန့်နဲ့ ပွတ်တိုက်တဲ့နည်းစနစ် (sandblasting) ကို အသုံးပြုထားပြီး၊ “ပိုးသားလို နူးညံ့တဲ့ခံစားမှုမျိုး” ရမယ်လို့ LG က ဆိုပါတယ်။
ဒါ့အပြင် ကျောဘက်မှန်သားဟာ ပွန်းရာခြစ်ရာ၊ အညစ်အကြေးစွန်းပေမှုနဲ့ လက်ဗွေရာထင်မှုတို့ မရှိတဲ့ အကြမ်းခံ မှန်သားဖြစ်တယ်လို့ သိရပါတယ်။ ဖုန်းရဲ့ ဖရိန်ကိုတော့ သတ္တုနဲ့ပဲ ပြုလုပ်ထားပြီး၊ ပိုမိုတောက်ပြောင် စေဖို့အတွက် အမှုန်လေးတွေ ထည့်သွင်းထားကြောင်း သိရှိရပါတယ်။
ဖုန်းကိုယ်ထည်က V30 နဲ့ အရွယ်အစားအတူတူပဲ ဖြစ်ပေမယ့်၊ ဘောင်တွေ ပိုကျဉ်းသွားတဲ့အတွက် ၆.၄ လက်မအရွယ် Display အထိ ပါဝင်လာပါတယ်။ Notch လည်း ပါဝင်လာဖို့ ရှိပါတယ်။
LG V40 ThinQ စမတ်ဖုန်းကို Platinum Gray ၊ Carmine Red နဲ့ Moroccan Blue ဆိုပြီး ကာလာ ၃ မျိုး စတင် ထုတ်ပေးသွားမှာဖြစ်ပါတယ်။
V40 ThinQ စမတ်ဖုန်းမှာ အသုံးပြုမယ့် အသေးစိတ် အချက်အလက်တွေအကြောင်း တရားဝင် မသိရသေးဘဲ၊ အောက်တိုဘာလ ၃ ရက်နေ့ တကယ့်မိတ်ဆက်ပွဲမှာမှ အပြည့်အစုံ သိရဖို့ ရှိပါတယ်။
လတ်တလော သိရှိထားတဲ့ ကောလာဟလသတင်းတွေ အရဆိုရင်တော့ LG V40 ThinQ မှာ Snapdragon 845 Chipset ၊ Quad DAC နဲ့ Google Assistant အသုံးပြုနိုင်မယ့် သီးသန့်ခလုတ်တခုတို့ ပါဝင်လာဖွယ် ရှိပါတယ်။
Ref: The Verge, BGR