နည်းပညာခေတ်ကြီးမှာ ဒေတာအချက်အလက် လုံခြုံရေးဟာ လူတိုင်းအတွက် အရေးကြီးဆုံး အချက်တချက် ဖြစ်ပါတယ်။ မိမိရဲ့ “ကိုယ်ရေးအချက်အလက်” ၊ “တည်နေရာ” ၊ “ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်း” ၊ “ဘဏ်အချက်အလက်” စတဲ့ အမျိုးမျိုးသော အရေးကြီးဒေတာ အချက်အလက်တွေကို မသမာသူတွေသာ ရရှိသွားမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ပြဿနာတွေက မတွေးဝံ့စရာပါပဲ။
ယခုလို ဒီဂျစ်တယ်ခေတ်မှာ ဆက်သွယ်ရေးအတွက် ကျနော်တို့ အားလုံးလိုလို “စမတ်ဖုန်း”တွေကို အဓိက အားထား အသုံးပြုကြပါတယ်။ “ဟိုင်း” ဆိုပြီး နှုတ်ဆက်တာကနေ မိမိရဲ့ အတွင်းရေး ကိစ္စတွေ ပြောတာက စလို့ ၊ အရေးကြီး အချက်အလက်တွေကို မျှဝေပေးတာအဆုံး၊ အမျိုးမျိုးသော ဒီဂျစ်တယ်ဆက်သွယ်ရေး ကဏ္ဍတွေမှာ ဖုန်းတွေကိုပဲ အသုံးပြုနေကြပါတယ်။ ဒါကြောင့် ဒီမက်ဆေ့ချ် အချက်အလက်တွေကို လက်ခံသူက လွဲလို့ တခြားသူတွေ မမြင်၊ မတွေ့၊ မရရှိနိုင်ဖို့ အရေးကြီးပါတယ်။
ဒါဆို အချက်အလက်လုံခြုံရေးအတွက် ဘယ်လို Messaging App မျိုးကို သုံးသင့်ပါသလဲ။ အကြမ်းဖျဉ်း အားဖြင့် End-to-end encryption စနစ်ပါဝင်တဲ့ App မျိုးနဲ့ Serverless Messaging App တွေကတော့ လောလောဆယ်မှာ လုံခြုံမှုအရှိဆုံး နည်းပညာတွေ ဖြစ်ပါတယ်။ End-to-end ဆိုတာကတော့ ပေးပို့သူနဲ့ လက်ခံသူ နှစ်ဦးပဲ မြင်တွေ့ရမယ့် လျှို့ဝှက်ကုဒ်သုံး ဆက်သွယ်ရေးစနစ် ဖြစ်ပြီး၊ Serverless Messaging ကတော့ ဆက်သွယ်ပြောဆိုမှု အချက်အလက်တွေကို ဆာဗာမှာ သိမ်းထားတာမျိုး မရှိတဲ့ စနစ် ဖြစ်ပါတယ်။
အောက်ဖော်ပြပါ Messaging App တွေကတော့ လုံခြုံမှုစနစ်မြင့်မားတဲ့ App တွေ ဖြစ်ပါတယ်။
(၁) Signal
အသုံးပြုသူတွေရဲ့ ဒေတာအချက်အလက် လုံခြုံမှုကို အဓိကထား၊ ရေးဆွဲထားတဲ့ Messaging App ဖြစ်ပါတယ်။ Signal ကနေ ပေးပို့၊ဆက်သွယ်သမျှဟာ End-to-end encrypted လုပ်ပြီးသား ဖြစ်ပြီး၊ လက်ခံသူက မက်ဆေ့ချ်ကို ရလိုက်တာနဲ့ ဆာဗာကနေ ချက်ချင်း ဖျက်ပေးနိုင်ပါတယ်။
Signal ရဲ့ နောက်ထပ် နာမည်ကြီးတဲ့အချက်တွေက Screenshot ရိုက်လို့ မရတာပါ။ စာရေးသူတို့ Netflix ကြည့်ရင် Screenshot ရိုက်လို့ မရသလိုပါပဲ။ ဒီ App ရဲ့ နောက်ထပ် ကောင်းကျိုး တခုကတော့ ကြော်ငြာ လုံးဝ မပါဝင်တာပါ။
(၂) Telegram
Telegram ကနေ Secret Channel တွေကနေ ဆက်သွယ်ပြောဆိုနိုင်မှုကြောင့် အသုံးများတဲ့ Messaging App တခု ဖြစ်ပါတယ်။ အားနည်းချက်တခုကတော့ Encryption စနစ်တခုဖြစ်တဲ့ “Secret” mode ကို တကူးတက ရွေးသုံးရတာပါ။ Facebook Messenger က Secret Conversation လိုပါပဲ။
Telegram ကနေ ပို့မယ်ဆိုရင် သူတို့ရဲ့ Cloud Server တွေမှာ မက်ဆေ့ချ်တွေကို သိမ်းထားပြီး၊ မက်ဆေ့ချ် ကုဒ်တွေကို ဖြည်နိုင်မယ့် Encryption Keys တွေကိုတော့ Telegrams က ကိုင်ထားပါတယ်။ ဒါကြောင့် ပေးပို့လိုက်တဲ့ Device နဲ့ လက်ခံတဲ့ Device တင်မဟုတ်ဘဲ Telegram အကောင့် ဝင်ထားတဲ့ Device တိုင်းမှာ မက်ဆေ့ချ်တွေကို Synchronize လုပ်နိုင်မှာပါ။
(၃) Wicker Me
Wicker Me က ဒေတာအချက်အလက်လုံခြုံဖို့ အဓိကရေးဆွဲထားတဲ့ Wicker App ရဲ့ အခမဲ့ ဗားရှင်း ဖြစ်ပါတယ်။ ဆက်သွယ်မှုတိုင်းကို လုံခြုံ၊ စိတ်ချရမှုရှိအောင် ပြုလုပ်ပေးထားပါတယ်။ SMS Access မယူထားတဲ့ အတွက် SMS တွေ ပို့လို့ မရပါဘူး။ Message တွေကို ဖတ်မယ်ဆိုရင် Password လိုအပ်ပြီး၊ လုံခြုံရေးတဆင့် ပိုမြှင့်ပေးထားပါတယ်။
အသုံးပြုရပိုလွယ်အောင် Password ကို လက်ဗွေရာ ဒါမှမဟုတ် Face ID ပေးထားနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာတွေ ဖြည့်စရာမလိုဘဲ လှို့ဝှက် Sing Up လုပ် အသုံးပြုနိုင်တဲ့ App လည်း ဖြစ်ပါတယ်။ ပြီးတော့ တဖက်က Screenshot ရိုက်လိုက်မယ်ဆိုရင်လည်း ကိုယ့်ဆီကို သတိပေးချက် ဝင်လာပါတယ်။ Wicker Me ရဲ့ အားနည်းချက်ကတော့ Web-based version မရှိတဲ့အတွက်ကြောင့် Browser ကနေတော့ သုံးလို့ရမှာမဟုတ်ပါဘူး။
(၄) Wire
Skype ပူးတွဲတည်ထောင်သူ Janus Friss နဲ့ အရင်က Skype ဝန်ထမ်းဟောင်းတွေ ပြုလုပ်ထားတဲ့ App ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇိုင်းက Skype နဲ့ နည်းနည်းဆင်ပါတယ်။ အရည်အသွေးမြင့် အသံနဲ့ ဗီဒီယို ဆက်သွယ်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ဆက်သွယ်မှုအားလုံးက End-to-end encryption စနစ်နဲ့ ဖြစ်တာကြောင့် နှစ်ဦးနှစ်ဖက်ပဲ မြင်တွေ့နိုင်မှာပါ။ Group လိုက် ၁၂၈ ဦးအထိ မက်ဆေ့ပြောနိုင်ပါတယ်။
သုံးသပ်ချက်
Messaging App တခုကို အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး လုံခြုံရေးအတွက် ဘယ်လို Feature တွေ ပေးနိုင်လဲ၊ End-to-end Encryption ပေးထားလား၊ Serverless လား ဒါမှမဟုတ် Screenshot Protection လို မိမိအချက်အလက် လုံခြုံရေးအတွက် အသုံးဝင်မယ့် Feature တွေ ပါလားဆိုတာကိုလည်း ကြည့်သင့်ပါတယ်။
Ref ; zangi.com , smartphones.gadgethacks.com