Google ဟာ iOS ရဲ့ Safari browser မှာ Default Search Engine အဖြစ် ဆက်လက်ရှိနေဖို့အတွက် Apple ကို ယခု ၂၀၁၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၉ ဘီလီယံအထိ ပေးရဖွယ်ရှိနေပါတယ်။
iOS Safari browser ရဲ့ နဂိုသတ်မှတ်ထားတဲ့ရှာဖွေရေးအင်ဂျင် (Default Search Engine) နေရာ ရဖို့အတွက် Apple ကို အရင်နှစ်တွေကတည်းက ပုံမှန်ပိုက်ဆံပေးနေခဲ့ရပေမယ့်၊ ဘယ်လောက်ပမာဏအထိ ပေးရလဲဆိုတာကို ကုမ္ပဏီ နှစ်ခုလုံးက ပြောကြားခြင်းမရှိခဲ့ပါဘူး။ ဈေးကွက်သုတေသီတွေကတော့ Google ပေးရတဲ့ပမာဏဟာ ကန်ဒေါ်လာ ဘီလီယံချီရှိမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
ဈေးကွက်သုတေသီတဦးဖြစ်တဲ့ Rod Hall ရဲ့ ပြောကြားချက်ကို Business Insider မှာ ဖော်ပြထားချက်အရ ယခု ၂၀၁၈ ခုနှစ်မှာ Apple ကို Google ပေးရမယ့် ပမာဏဟာ ကန်ဒေါ်လာ ၉ ဘီလီယံလောက်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။ ဒီပမာဏဟာ ၂၀၁၉ ခုနှစ်မှာ ကန်ဒေါ်လာ ၁၂ ဘီလီယံအထိ ဆက်လက်မြင့်တက်သွားနိုင်ချေရှိတယ်လို့လည်း Hall က ယုံကြည်ထားပါတယ်။
ကြော်ငြာနဲ့ အဓိကဝင်ငွေရှာတဲ့ Google အဖို့ iPhones နဲ့ iPads တွေက Safari browser ရဲ့ Default Search Engine နေရာဟာ တကယ့်အဖိုးမဖြတ်နိုင်တဲ့နေရာ ဖြစ်ပါတယ်။ Safari browser မှာ Bing ကော ၊ Yahoo နဲ့ DuckDuckGo တို့လို တခြား Search Engine တွေပါ ရွေးချယ်အသုံးပြုနိုင်တယ်ဆိုပေမယ့်၊ သုံးစွဲသူအများစုဟာ Default ပေးထားတဲ့ ဟာကိုပဲ အသုံးပြုတတ်ကြပါတယ်။
“ Apple ရတဲ့ ဝင်ငွေဟာ Siri ဒါမှမဟုတ် Safari browser အတွင်းကနေ Apple အသုံးပြုသူတွေ ရှာလိုက်တဲ့ အကြိမ်အရေအတွက်အပေါ် မူတည်ပြီး နှုန်းထားနဲ့ ရရှိတာဖြစ်နိုင်ပါတယ်” လို့ Hall က ပြောကြားခဲ့ပါတယ်။
Apple ကလည်း Hardware ရောင်းရနှုန်း အထွက်အထိပ်ရောက်လာတာနဲ့အမျှ၊ ဝန်ဆောင်မှု (Services) တွေကလည်း ကုမ္ပဏီအတွက် ကြီးမားတဲ့ တိုးတက်မှုတခု ဖြစ်လာလိမ့်မယ်လို့ မကြာခဏ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်က စတင်လာခဲ့တဲ့ Apple Music ဟာ ပုံမှန် တိုးတက်လာမှုရှိနေသလို၊ iCloud Storage ကလည်း 5GB အလကားပေးထားပေမယ့်၊ Storage ပိုလိုအပ်သူတွေက လစဉ်ကြေးပေးအသုံးပြုမှုတွေလည်း မြင့်တက်လျက်ရှိပါတယ်။
Ref: Gadgets NDTV, 9to5Mac