လုံခြုံရေးကျိုးပေါက်မှုတခုကြောင့် အကောင့်ပေါင်း သန်း ၅၀ ကျော်ကို ဟက်ကာတွေ ဝင်ရောက်နိုင်ခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်ပြီး မကြာခင်မှာပဲ Facebook ကတော့ တရားစွဲခဲ့လိုက်ရပြီ ဖြစ်ပါတယ်။
ဟက်ကာတွေဟာ Facebook ရဲ့ လူသုံးများတဲ့ “View As” လုပ်ဆောင်ချက်က လုံခြုံရေးဟာကွက်တခုကနေ အကောင့်ဝင်ရောက်ခွင့်အတည်ပြုတိုကင်တွေကို ရယူကာ အကောင့်ပေါင်း သန်း ၅၀ ကျော်ကို အပြည့်အဝထိန်းချုပ်ခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ Facebook အကောင့်တွေသာမက ချိတ်ဆက်ထားတဲ့ Instagram အကောင့်၊ တခြားပြင်ပ အကောင့်တွေကိုပါ ဝင်ရောက်အသုံးပြုခွင့် ရသွားခဲ့တာပါ။
ဒီဖြစ်ရပ်ကို မကျေနပ်တဲ့ အသုံးပြုသူနှစ်ဦးက Facebook ကုမ္ပဏီကို အခုအခါ တရားစွဲဆိုလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ California ပြည်နယ်က Carla Echavarria နဲ့Vriginia ပြည်နယ်က Derrick Walker နှစ်ဦးက တရားလိုအဖြစ် Facebook ကို အမှုဖွင့်ထားတာဖြစ်ပါတယ်။
“ ယခုဒေတာအဖောက်ခံရမှုမှာ PPI ( လူပုဂ္ဂိုလ်အသိအမှတ်ပြုအချက်အလက်) တွေ ပါသွားခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက အသုံးပြုသူအားလုံးရဲ့ ကိုယ်စား” တရားစွဲဆိုထား တာဖြစ်တယ်လို့ လျှောက်ထားပါရှိပါတယ်။
Facebook အနေနဲ့ အသုံးပြုသူအချက်အလက်တွေကို ကာကွယ်ပေးနိုင်စွမ်းမရှိတာဟာ လျစ်လျူရှုတဲ့ အပြုအမူတခု ဖြစ်တယ်ဆိုပြီးတော့လည်း အမှုမှာ စွပ်စွဲထားပါတယ်။ ဒါ့အပြင် ဒေတာလုံခြုံရေးလျော့ရဲတာကို ဖုံးကွယ်ထားမှု၊ ဥပဒေနဲ့မညီတဲ့ လုပ်ထုံးလုပ်နည်းတွေ ကျင့်သုံးမှု၊ California သုံးစွဲသူမှတ်တမ်းဆိုင်ရာဥပဒေကို ချိုးဖောက်မှုတို့နဲ့လည်း Facebook ကို တရားစွဲဆိုထားပါတယ်။
၂၀၁၈ မတ်လက Facebook-Cambridge Analytica ဒေတာအရှုပ်တော်ပုံလို ကိစ္စတွေ ပေါ်ပေါက်ပြီးကတည်းက Facebook အနေနဲ့ ဒေတာလုံခြုံရေးပြဿနာတွေကို ပြင်ဆင်လုပ်ဆောင်သင့်ပေမယ့်၊ ဘာမှ မလုပ်ပေးခဲ့ကြောင်း အမှုမှုာ ဖော်ပြထားပါတယ်။
“ Facebook ဟာ အသုံးပြုသူတွေကို ကာကွယ်ပေးဖို့ ဘာမှ မလုပ်ပေးခဲ့သလို၊ လုံခြုံရေးပြဿနာတွေ အကြောင်းလည်း သတိမပေးခဲ့ပါဘူး။ ကွန်ဂရက်နဲ့ တခြားနိုင်ငံခြားအစိုးရတွေကိုတော့ Facebook ဟာ အကောင်းဆုံး၊ အဆင့်မြင့်ဆုံး လုံခြုံရေးနည်းလမ်းတွေ၊ ထိန်းချုပ်စနစ်တွေ ဦးစားပေးလုပ်ဆောင်ထားကြောင်း မရှက်မကြောက် သွားတင်ပြခဲ့ပါတယ်” လို့ အမှုဖိုင်တွဲမှာ ဖော်ပြပါရှိပါတယ်။
တရားစွဲဆိုသူတွေအနေနဲ့ သူတို့အပါအဝင် တခြားနစ်နာသူတွေအတွက် ဥပဒေအရပြဋ္ဌာန်းသတ်မှတ်ပေးတဲ့ နစ်နာကြေး၊ တရားရုံးစရိတ်နဲ့ ကုမ္ပဏီကို စံပြဒဏ်ကြေးရိုက်ဖို့ တောင်းဆိုထားပါတယ်။
ဆက်စပ်ဖတ်ရှုရန်သတင်းလင့်ခ် – ဟက်ကာတိုက်ခိုက်မှုကြောင့် Facebook အကောင့် သန်း ၅၀ ကျော် ပါဝင်သွားခဲ့
Ref: Mashable, The Verge