IT

FBI က မသင်္ကာဖွယ်သူတဦးရဲ့ iPhone X ကို မျက်နှာပြပြီး ဖွင့်ခိုင်းခဲ့

Apple ဟာ လွန်ခဲ့တဲ့နှစ်တုန်းက iPhone X နဲ့အတူ Face ID နည်းပညာကို မိတ်ဆက်ခဲ့ပြီးနောက် လူတိုင်းစိတ်ဝင်စားခဲ့တဲ့ ဥပဒေဆိုင်ရာမေးခွန်းတခု ရှိပါတယ်။ အဲဒါကတော့ သင့်မျက်နှာနဲ့ ဖုန်းကို ဖွင့်ပေးဖို့ အတင်းအဓမ္မ ခိုင်းစေလို့ရ၊ မရဆိုတာပါ။ ယခုအခါမှာတော့ အဆိုပါဖြစ်ရပ်မျိုး ပထမဆုံး အကြိမ်အဖြစ် အမှန်တကယ် ထွက်ပေါ်လာပါပြီ။

FBI အရာရှိတွေဟာ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ သံသယဖြစ်ဖွယ်သူတဦးရဲ့ iPhone X ကို Apple Face ID နည်းပညာအသုံးပြုပြီး ဖွင့်ခိုင်းခဲ့တာဖြစ်ကြောင်း Forbes က ဖော်ပြထားပါတယ်။ ဒီဖြစ်ရပ်ဟာ ရဲအေဂျင်စီတခုကနေ Face ID အသုံးပြုပြီး ဖုန်းဖွင့်ခိုင်းခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ သြဂုတ်လ ၁၀ ရက်နေ့မှာ FBI ဟာ Ohio ပြည်နယ်၊ Columbus မြို့က အသက် ၂၈ နှစ်အရွယ် Grant Michalski ရဲ့ အိမ်ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။ သက်သေခံ ပစ္စည်းတွေ ရှာဖွေစဉ်မှာ ရှာဖွေခွင့်ဝရမ်းကို ကိုင်ထားတဲ့ အထူးအေးဂျင့်တယောက်ဟာ Michalski ကို သူ့ရဲ့ iPhone X ကို ကြည့်ခိုင်းပြီး ဖွင့်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

Michalski ကလည်း ကြည်ကြည်ဖြူဖြူ ဖွင့်ပေးခဲ့တာကြောင့် အေးဂျင့်ဟာ ဖုန်းထဲက အွန်လိုင်း Chat တွေ၊ ဓာတ်ပုံတွေကို စစ်ဆေးရှာဖွေနိုင်ခဲ့ပါတယ်။ ထို့နောက် သြဂုတ်လအတွင်းမှာပဲ Michalski ကို ကလေးသူငယ် လိင်ညစ်ညမ်းပုံတွေကို ပေးပို့၊ လက်ခံမှုနဲ့ တရားစွဲဆို နိုင်ခဲ့တယ်လို့ သိရပါတယ်။

Michalski အမှုမှာ FBI အနေနဲ့ ဖုန်းကို Unlock လုပ်နိုင်ခဲ့ပေမယ့်၊ ဖုန်းထဲကို ထဲထဲဝင်ဝင် ရှာဖွေစစ်ဆေးဖို့အတွက် Passcode ထပ် လိုအပ်ခဲ့ပါတယ်။ ဒါကြောင့် ဒုတိယမြောက် ရှာဖွေခွင့် ဝရမ်းကို တောင်းခံခဲ့ပြီး၊ Passcode မလိုဘဲ ဖုန်းကို ကျော်ဖွင့်နိုင်တဲ့ ပစ္စည်းကိရိယာတွေကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ Cellebrite နဲ့ Grayshift ကုမ္ပဏီတွေဟာ FBI အတွက် iPhone ဖွင့်ပေးမယ့် ဝန်ဆောင်မှုတွေကို ထုတ်ပြန်ကြေညာခဲ့ဖူးတာကြောင့်၊ အဆိုပါကုမ္ပဏီတွေက ထုတ်တဲ့ Device တွေ ဖြစ်နိုင်ပါတယ်။

တရားခံလို့ သံသယဖြစ်ဖွယ်လူတွေကို Touch ID အသုံးပြုပြီး လက်ဗွေရာနဲ့ ဖုန်းဖွင့်ခိုင်းတဲ့ ဖြစ်ရပ် အများအပြားလည်း ရှိခဲ့ပြီး၊ အလောင်းတွေမှာတောင် Touch ID အသုံးပြုခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ အဆိုပါလုပ်ရပ်ဟာ အငြင်းပွားစရာဖြစ်ပေမယ့် သံသယဖြစ်ဖွယ်လူတွေကို ဖုန်းရဲ့ Passcode အတင်းအကြပ်ပြောခိုင်းဖို့ ဆိုတာမျိုးက မဖြစ်နိုင်တာကြောင့် တရားဝင်ခွင့်ပြုထားတဲ့ နည်းတခုလည်း ဖြစ်ပါတယ်။

ယခု Ohio အမှုကတော့ Face ID နဲ့ ဖွင့်ခိုင်းခဲ့တဲ့ ပထမဆုံးအမှုအဖြစ် မှတ်တမ်းဝင်သွားမှာပါ။ ဒါပေမယ့် Touch ID နဲ့ မတူတာက Face ID ကို လူသေအလောင်းတွေမှာ အသုံးပြုလို့ မရဘူးလို့ သိရပါတယ်။ New York မူးယစ်အရာရှိတွေဟာ ဟီရိုအင်းအသုံးလွန်ပြီး သေဆုံးရသူတွေရဲ့ iPhone X တွေကို လူသေမျက်နှာနဲ့ ဖွင့်ကြည့်ခဲ့ပေမယ့် မပွင့်ခဲ့ဘူးလို့ မှုခင်းသိပ္ပံနယ်ပယ်ထဲက အမည်မဖော်လိုသူတဦးက Forbes ကို ပြောကြားခဲ့ပါတယ်။

Ref: Forbes, The Verge

Loading