၂၀၁၉ ခုနှစ်ကို မရောက်သေးပေမယ့် Huawei ကတော့ Y9 (2019) ဖုန်းမော်ဒယ်အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ အရင်မော်ဒယ် Y9 (2018) ကို ပြီးခဲ့တဲ့ မတ်လကမှ မိတ်ဆက်ခဲ့တာ ဖြစ်တာကြောင့် မော်ဒယ်နှစ်ခုကြားထဲမှာ ၇ လလောက်ပဲ ကွာခြားတာ တွေ့ရပါတယ်။
Huawei Y9 (2019) ဟာ Y9 (2018) ကို အဆင့်မြှင့်တင်ထားတဲ့ မော်ဒယ်ဖြစ်ပြီး၊ Kirin 659 Chipset အစား ပိုမိုစွမ်းဆောင်ရည်မြင့်တဲ့ Kirin 710 Chipset ကို ပြောင်းလဲအသုံးပြုထားပါတယ်။
Y9 (2019) ကို အခုအောက်တိုဘာလလယ်အတွင်းမှာ စတင်ရောင်းချသွားမှာဖြစ်ကြောင်း Huawei က အတည်ပြုပြောကြား ခဲ့ပေမယ့်၊ ဈေးနှုန်းကိုတော့ အခုအချိန်ထိ မကြေညာရသေးပါဘူး။ ယခု ဖုန်းအသစ်ဟာ ဂိမ်း၊ ဓာတ်ပုံနဲ့ ဖျော်ဖြေရေးဘက်ကို ပိုမိုအားသန်တဲ့ လူငယ် လူရွယ်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖုန်းကို တရုတ်ပြည်ဈေးကွက်အတွင်းမှာတော့ Enjoy 9 Plus ဆိုတဲ့ နာမည်နဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ Specifications တွေအနေနဲ့ Huawei Y9 (2019) မှာ 6.5-inch FullView Display ကို ဘေးဘက်ကွေးညွတ်နေ တဲ့ 3D curved ဒီဇိုင်းနဲ့ အသုံးပြုထားပါတယ်။
ကုမ္ပဏီကိုယ်တိုင်ထုတ် Kirin 710 Chipset ၊ ကင်မရာအတွက် AI Power 7.0 ပါဝင်တဲ့ 13-megapixel + 2-megapixel ကျောကင်မရာ နှစ်လုံးတွဲ တို့ပါဝင်ပြီး၊ ရှေ့ကင်မရာ ကလည်း 16-megapixel + 2-megpaixel နှစ်လုံးတွဲနဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းကို ဝ.၃ စက္ကန့်အတွင်းမှာ ဖွင့်ပေးနိုင်တဲ့ Fingerprint 4.0 နည်းပညာအသစ်လည်း ပါဝင်တယ်လို့ သိရပါတယ်။
4GB+64GB မော်ဒယ်နဲ့ 6GB+128GB မော်ဒယ်နှစ်မျိုး ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပြီး၊ 4,000mAh ဘက်ထရီနဲ့ microSD ကတ်လည်း သပ်သပ် ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။
Ref: Gadgets NDTV, GSM Arena