IT

သားရေကိုယ်ထည်နဲ့ Spectre Folio လက်ပ်တော့ကို HP မိတ်ဆက်

HP ဟာ “PC ကို ပြန်လည်ဆန်းသစ်တီထွင်ခြင်း” လို့ ကြွေးကြော်ထားတဲ့ Spectre Folio လက်ပ်တော့အသစ်ကို မိတ်ဆက်လိုက်ပါတယ်။

လက်ရှိလက်ပ်တော့အများစုဟာ ကိုယ်ထည်ကို ပလတ်စတစ် ဒါမှမဟုတ် အလူမီနီယမ်သတ္တုတမျိုးမျိုးနဲ့ အသုံးပြု ထုတ်လုပ်လေ့ရှိပေမယ့်၊ HP ရဲ့ ယခု Spectre Folio ကတော့ ထူးခြားစွာပဲ ကိုယ်ထည်ကို တကယ့်သားရေအစစ်နဲ့ အုပ်ပေးထားပါတယ်။

လက်ပ်တော့ရဲ့ ပါးလွှာတဲ့ဖရိန်တွေကိုတော့ မဂ္ဂနီဆီယမ်သတ္တုနဲ့ ပြုလုပ်ထားပြီး၊ အပြင်ဘက်ကိုယ်ထည်ကိုမှ ခရုမ်းနဲ့သားရေနယ်ထားတဲ့ သားရေအစစ်နဲ့ အုပ်ပေးထားတာဖြစ်ပါတယ်။

လက်ပ်တော့အဖြစ်ကော Tablet အဖြစ်ပါ အသုံးပြုလို့ရတဲ့ 2-in-1 convertible လက်ပ်တော့ဖြစ်ပြီး၊ သားရေကိုယ်ထည် ကို ဒေါက်အဖြစ် အလွယ်တကူ ထောက်အသုံးပြုနိုင်တဲ့ tent mode လည်း ပါရှိပါတယ်။ ယခု Mode ပြောင်းထားတဲ့ အချိန်မှာ လက်ပ်တော့ရှေ့မှာ Trackpad ရှိနေသေးတာကြောင့်၊ Display ကို ထိစရာမလိုဘဲ ဆက်လက်အသုံးပြုနိုင်မှာပါ။ Display ကို အောက်ချိုးချလိုက်ရင်တော့ Tablet ပုံစံ သီးသန့် အသုံးပြုနိုင်ပါလိမ့်မယ်။

HP ဟာ ယခုလက်ပ်တော့မှာ ဘက်ထရီပိုကြီးကြီးထည့်ဖို့အတွက် သေးငယ်တဲ့မားသားဘုတ်ကိုပဲ အသုံးပြုထားပြီး ဘက်ထရီအား ၁၈ နာရီအထိ ခံတယ်လို့ ဆိုထားပါတယ်။

Specs တွေအနေနဲ့ကတော့ Intel 8th Gen Y-series Core i7 Processor ၊ 8GB RAM နဲ့ 256GB SSD Storage တို့ ပါရှိပြီး၊ 13.3-inch FHD Display ကို အသုံးပြုထားပါတယ်။ RAM ကို 16GB အထိ တိုးမြှင့်ဝယ်ယူနိုင်ပြီး၊ Storage ကိုလည်း 2TB NVMe SSD အထိလည်း ဝယ်ယူနိုင်မှာပါ။

Display မှန်သားကိုလည်း Corning Gorilla Glass 4 သုံးပေးထားတာကြောင့် ခြစ်ရာထင်ရာ ထင်လွယ်မှာ မဟုတ်ပါဘူး။ Spectre Folio သားရေ လက်ပ်တော့ကို ယခုနှစ်ကုန်လောက်မှာ 4K Display နဲ့ မော်ဒယ်လည်း ထပ်ထုတ်ဖို့ ရှိတယ်လို့ သိရပါတယ်။

HP Spectre Folio Leather Laptop ကို အညိုရောင် Cognac Brown နဲ့ ဘာဂန်ဒီဝိုင်ရောင် Bordeaux Burgundy ဆိုပြီး သားရေအရောင်နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဈေးနှုန်းကတော့ ၁,၂၉၉ ဒေါ်လာကနေ စမှာဖြစ်ပြီး၊ ယနေ့ပဲ စတင်ဝယ်ယူနိုင်ပါပြီ။ လက်ပ်တော့ဝယ်ရင် Touchscreen မှာသုံးဖို့အတွက် Digital Pen လည်း တပါတည်း ထည့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်ဖတ်ရှုရန်HP က စာအုပ်ပုံစံ အသံထိန်းချုပ်ပရင်တာကို မိတ်ဆက်

သတ္တုအစိတ်အပိုင်းတွေ ပရင့်ထုတ်နိုင်တဲ့ 3D Printer အသစ်ကို HP မိတ်ဆက်

Ref: Anantech, The Verge

Loading