ဟက်ကာတွေဟာ Facebook အကောင့်ဝင်ရောက်ခွင့် Login အချက်အလက်တွေကို Dark Web ပေါ်မှာ အကောင့်တခု ၂ ပေါင် (၃ ဒဿမ ၉၀ ဒေါ်လာ) ဈေးနှုန်းနဲ့ ရောင်းချနေတာကို လေ့လာမှုတခုမှာ တွေ့ရှိခဲ့ပါတယ်။
Facebook အကောင့်ပေါင်း အနည်းဆုံး သန်း ၅၀ ကျော်ကို ဟက်ကာတွေ ဝင်ရောက် ထိန်းချုပ်နိုင်ခွင့်ရခဲ့အပြီးမှာ Money Guru ကုမ္ပဏီက လေ့လာမှုပြုလုပ်ခဲ့တာဖြစ်ပြီး၊ Dark Web ပေါ်မှာ Facebook အကောင့် Login အချက်အလက်တွေကို ဈေးပေါပေါနဲ့ ရောင်းချနေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
Dark Web ဆိုတာကတော့ အင်တာနက်ရဲ့ အမှောင်နယ်မြေလို့ တင်စားခေါ်ဝေါ်ကြတဲ့ website ကွန်ရက်တွေ တည်ရှိရာ နယ်ပယ်ဖြစ်ပါတယ်။ သာမန် Browser နဲ့ အဆိုပါ website တွေကို ဝင်ရောက်လို့ မရပါဘူး။
Dark Web ပေါ်မှာ Facebook အကောင့်တွေတင်မကဘဲ၊ ဟက်ထားတဲ့ အီးမေးလ် နဲ့ တခြား ဆိုရှယ်မီဒီယာ အကောင့်တွေရဲ့ Login (Username နဲ့ Password) အချက်အလက်တွေကိုလည်း Marketplace တွေမှာ ရောင်းချနေတာ တွေ့ခဲ့ရတယ်လို့ Money Guru က ဆိုပါတယ်။
ဒါ့အပြင် စီးပွားရေးအချက်အလက်တွေကိုပါ ပေါပေါလောလောဈေးနဲ့ ရောင်းနေတာပါ တွေ့ခဲ့ရပါတယ်။ Credit Card အချက်အလက်တွေကို ၁၄ ဒေါ်လာလောက်နဲ့တင် ဝယ်ယူနိုင်ပြီး၊ Debit Card အချက်အလက်တွေကိုတော့ ၁၉ ဒဿမ ၅၀ ဒေါ်လာလောက်နဲ့ ဝယ်နိုင်တယ်လို့ ဆိုပါတယ်။
လူသုံးအများဆုံး အွန်လိုင်းအကောင့် ၂၈ မျိုးကို အဓိကထား စစ်ဆေးခဲ့တဲ့ အဆိုပါ လေ့လာမှု သီအိုရီအရဆိုရင် လူတယောက်ရဲ့ အကောင့်ပေါင်းစုံပါဝင်တဲ့ အွန်လိုင်း ဘဝတခုလုံးကို စုပေါင်း ၉၇၂ ဒေါ်လာနဲ့ ဝယ်ယူနိုင်တာကို တွေ့မြင်ရပါတယ်။
အွန်လိုင်းရှော့ပင်းအကောင့်၊ ဖျော်ဖြေရေးဝန်ဆောင်မှုအကောင့်တွေနဲ့ ရှိသမျှ ဆိုရှယ် မီဒီယာ ပရိုဖိုင်အကုန်လုံးကို မသမာသူတယောက်က လိုချင်ရင် ဝယ်နိုင်တယ်ဆိုတဲ့သဘောပါ။
များသောအားဖြင့် Dark Web မှာ ခိုးယူ၊ ရောင်းချထားတဲ့ အွန်လိုင်းအကောင့် အချက်အလက်တွေကို ပစ်မှတ်ထား ကြော်ငြာလုပ်ငန်း လုပ်တဲ့ကုမ္ပဏီတွေက အဝယ်များတယ်လို့လည်း သိရပါတယ်။
လူတယောက်ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကို မသမာသူတယောက်ကသာ ဝင်ရောက်နိုင်ခဲ့မယ် ဆိုရင် အကောင့်ပိုင်ရှင် အားလပ်ရက်ခရီးထွက်တဲ့အချိန်၊ ကလေးကျောင်းပို့တဲ့အချိန်၊ မက်ဆေ့မှာ ပြောထားတဲ့ ဘဏ်အချက်အလက် စတဲ့ အတွင်းရေးအချက်အလက်တွေကို သိရှိသွားနိုင်မှာ ဖြစ်ပါတယ်။
Dark Web ပေါ်က နာမည်ကြီး Marketplace တွေမှာ ရောင်းချနေတဲ့ အကောင့်ဝင်ရောက်ခွင့် အချက်အလက် (Logins) တွေရဲ့ ပျှမ်းမျှဈေးနှုန်းတွေကတော့ Reddit အကောင့်အတွက် ၂ ဒဿမ ၀၉ ဒေါ်လာ၊ Instagram Password ကို ၆.၃၀ ဒေါ်လာနဲ့ Pinterest password ကို ၈ ဒဿမ ၄၈ ဒေါ်လာခန့် ရှိပါတယ်။ Twitter password နဲ့ Gmail password တခုကို ၃ ဒဿမ ၂၆ ဒေါ်လာခန့် ပေါက်ပါတယ်။
မိမိအွန်လိုင်း အကောင့်ကို မသမာသူတွေ မဝင်ရောက်နိုင်အောင် အကောင်းဆုံးကာကွယ်တဲ့ နည်းလမ်းကတော့ two-step authentication လို့ခေါ်တဲ့ ၂ ဆင့်ခံ ဝင်ရောက်မှုစနစ် ဖြစ်ပါတယ်။ မိမိအကောင့်မှာ ဒီစနစ် သုံးထားမယ်ဆိုရင်တော့ အကောင့်ဝင်ရောက်တဲ့အခါတိုင်း ဖုန်းထဲကို တခါသုံး လျှို့ဝှက်ကုဒ် ထပ်ပို့ပေးမှာဖြစ်တာကြောင့် တခြားလူတဦးက အကောင့် Username နဲ့ Password ရရှိသည့်တိုင် ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး။
ဆက်စပ်ဖတ်ရှုရန် – အကောင့် သန်း ၅၀ ရဲ့ ဒေတာအဖောက်ခံရမှုကြောင့် Facebook စတင်တရားစွဲဆိုခံရ
Ref: The Sun, Daily Mail