စက်ရုပ်တွေနဲ့ သိဉာဏ်တုနည်းပညာ (Artificial Intelligence) တွေဟာ စိတ်ကူးယဉ် သိပ္ပံကားတွေထဲကလောက် အဆင့်မမြင့်သေးပေမယ့် တနှစ်တခြား သိသာတိုးတက်မှု ရှိလာပါတယ်။
အခုဆိုရင် AI နဲ့ စက်ရုပ်နည်းပညာတွေကို ဘာဂါလုပ်တာကအစ အုတ်စီတာအဆုံး လုပ်ငန်း နယ်ပယ်အမျိုးမျိုးမှာ စမ်းသပ်အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
အခုတခါ ဂျပန်ကနေ တီထွင်မိတ်ဆက်လိုက်တဲ့ စက်ရုပ်တရုပ်ကတော့ အိမ်တွင်းအလှဆင် လုပ်ငန်းတခုဖြစ်တဲ့ ပလာစတာဘုတ်တပ်ဆင်တာကိုပါ လုပ်တတ်နေပြီဖြစ်ပါတယ်။ HRP-5P လို့ခေါ်တဲ့ လူပုံစံစက်ရုပ် ကို ဂျပန်နိုင်ငံ “အဆင့်မြင့် စက်မှုလုပ်ငန်းသိပ္ပံနဲ့ နည်းပညာဌာန” AIST က ဖန်တီးထုတ်လုပ်ထားတာဖြစ်ပြီး၊ Drywall (ပလာစတာဘုတ်) တပ်ဆင်ခြင်းလို ရိုးရှင်းတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်တဲ့ စက်ရုပ်ဖြစ်ပါတယ်။
HRP-5P စက်ရုပ်ဟာ ပလာစတာဘုတ်တွေကို ကိုယ်တိုင် ယူဆောင်ကာ၊ နံရံမှာ နေရာတကျ သံရိုက် တပ်ဆင်နိုင်တာ တွေ့ရပါတယ်။ ပတ်ဝန်းကျင် အခြေအနေတိုင်းတာမှုစနစ်၊ အရာဝတ္ထုပစ္စည်း အာရုံခံစနစ်နဲ့ လှုုပ်ရှားမှုအစီအစဉ်ရေးဆွဲမှု စနစ်တွေကို အသုံးပြုပြီး ပလာစတာဘုတ်တွေကို အောင်မြင်စွာ တပ်ဆင်နိုင်တာကို တွေ့ရပါတယ်။
သိပ္ပံပညာရှင်တွေဟာ HRP-5P စက်ရုပ်ကို အသက်အရွယ်အိုမင်းသူများပြီး၊ မွေးဖွားမှုနှုန်း ကျဆင်းလျက်ရှိတဲ့ ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ တချိန်ကျရင် လူသားအစားထိုး အသုံးပြုနိုင်ဖို့ မျှော်မှန်းထား လျက်ရှိပါတယ်။
“ဆောက်လုပ်ရေးလုပ်ငန်းလို လုပ်ငန်းနယ်ပယ်အမျိုးမျိုးဟာ အနာဂတ်တချိန်မှာ ဆိုးရွားတဲ့ အလုပ်သမား ရှားပါးမှု ပြဿနာတွေ ကြုံတွေ့လာနိုင်ချေရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အစိတ်အပိုင်း အကြီးကြီးတွေကို တပ်ဆင်ရတဲ့ အဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ လေယာဉ်၊ သဘောင်္တပ်ဆင်ရေး လုပ်ငန်းခွင်တွေမှာ၊ လူသားအလုပ်သမားတွေဟာ လေးလံပြီး အန္တရာယ်မားတဲ့ အလုပ်တွေကို လုပ်ဆောင်နေရပါတယ်”
“ဒီတာဝန်တွေကို စက်ရုပ်နည်းပညာနဲ့ အစားထိုးသွားဖို့ ရည်ရွယ်ထားးပါတယ်။ ဒါပေမယ့်လည်း ကြီးမားတဲ့ အစိတ်အပိုင်းတွေ တပ်ဆင်ဆောက်လုပ်တဲ့ လုပ်ငန်းခွင်အခြေအနေဟာ စက်ရုပ် တရုပ်အတွက် လိုက်လျောညီထွေ ဖြစ်မယ့် အနေအထားမျိုး ပေးစွမ်းနိုင်ဖို့ကတော့ တော်တော် ခဲယဉ်းပါတယ်။ ဒါကြောင့်လည်း ဒီနယ်ပယ်တွေမှာ စက်ရုပ်တွေကို မိတ်ဆက် အသုံးပြုဖို့က တိုးတက်လာခြင်း မရှိသေးတာပါ” လို့ သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
ယခုလို လူသားအစားထိုး စက်ရုပ်အလုပ်သမားတွေဟာ လူသားတွေရဲ့ အလုပ်အကိုင်ကို လုယူလိမ့်မယ်ဆိုတဲ့ ခန့်မှန်းမှုမျိုးတွေ ပေါ်ထွက်နေတာတော့ နှစ်အတန်ငယ်ကြာမြင့်ခဲ့ပါပြီ။
ဒါပေမယ့် Oxford တက္ကသိုလ်ကနေ ၂၀၁၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ လူအစား အလိုအလျောက် စက်ကိရိယာ အသုံးပြုမှုတွေ တွင်ကျယ်လာနိုင်ပုံကို တွက်ချက်ပြထားပြီး၊ “ပလာစတာဘုတ်တပ်ဆင်သူ” ဆိုတဲ့ အလုပ်အကိုင်မျိုးကို စက်ရုပ်တွေနဲ့ အစားထိုးနိုင်ချေ ၇၉ ရာခိုင်နှုန်းရှိကြောင်း ခန့်မှန်းဖော်ပြထားပါတယ်။