Microsoft ရဲ့ Hardware နဲ့ Software အသစ်၊အသစ်တွေကို မိတ်ဆက်ကြေညာခဲ့တဲ့ Surface ပွဲကြီးကတော့ အောက်တိုဘာလ ၃ ရက်နေ့မှာ အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့ပါပြီ။ အဓိကအားဖြင့် Surface လိုင်းရဲ့ Product အသစ်တွေကို မိတ်ဆက်ပေးခဲ့တဲ့ပွဲ ဖြစ်ပါတယ်။
Surface ပွဲမှာ တွေ့မြင်ခဲ့ရတာတွေကတော့
(၁) Surface Pro 6
လူကြိုက်များတဲ့ Microsoft Surface Pro စီးရီးရဲ့ နောက်ဆုံးမော်ဒယ် Surface Pro 6 ကို ဒီပွဲမှာ မိတ်ဆက်သွားခဲ့ပါတယ်။ အရင်နှစ်တုန်းက Surface Pro ဆိုပြီးပဲ နံပါတ်စဉ် မတပ်ဘဲ ထုတ်ခဲ့ပေမယ့်၊ အခု Surface Pro ကိုတော့ 6 အဖြစ် နံပါတ်စဉ် ပြန်တပ်ထားတာ တွေ့ရပါတယ်။
မနှစ်က မော်ဒယ်ကိုမှ အပြင်ဒီဇိုင်းပိုင်း ပြောင်းလဲမှု မရှိဘဲ၊ အတွင်းပိုင်းကိုပဲ အဓိက Upgrade လုပ် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Intel ရဲ့ 8th Generation Core i5 နဲ့ i7 Processors တွေ ပါဝင်လာပြီး၊ မနှစ်က မော်ဒယ်ထက် စွမ်းဆောင်ရည် ၆၇ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာတယ်လို့ ဆိုပါတယ်။
၁.၇ ပေါင်ပဲ အလေးချိန်ရှိမှာဖြစ်ပြီး၊ ဘက်ထရီကလည်း ၁၃.၅ နာရီအထိ ခံမယ်ဆိုတော့ Surface Pro ပရိတ်သတ်တွေ အကြိုက်ပါပဲ။ 12.3-inch PixelSense Display ကတော့ အရင်အတိုင်း Resolution အတူတူပဲဖြစ်ပေမယ့်၊ Contrast Ratio ကတော့ ရှိသမျှ Surface Pro တွေထဲမှာ အမြင့်ဆုံးဖြစ်ပါတယ်။
Surface Pro 6 ကို 8GB or 16GB RAM နဲ့ 128GB ကနေ 1TB SSD အထိ ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ Alcantara အသားနဲ့ လုပ်ထားတဲ့ TypeCover ကီးဘုတ်ကိုလည်း အရောင် ၄ မျိုး ရွေးနိုင်ဦးမှာပါ။
Surface Pro 6 ရဲ့ အဓိကထူးခြားချက်ကတော့ မထုတ်တာကြာပြီဖြစ်တဲ့ အနက်ရောင် မော်ဒယ်ကိုပါ ပြန်ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ Core i5 နဲ့ အနိမ့်ဆုံးမော်ဒယ်ကို ၈၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး၊ အောက်တိုဘာ ၁၆ မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
(၂) Surface Laptop 2
ဒုတိယမျိုးဆက် Surface Laptop 2 ဖြစ်ပါတယ်။ Intel ရဲ့ 8th Generation Processors တွေနဲ့ပါပဲ။ အရင်အတိုင်း 13.5-inch PixelSense Display ၊ Port အတူတူနဲ့ ထုတ်ထားတာဖြစ်ပြီး၊ RAM 4GB ကနေ 8GB အနိမ့်ဆုံး ပါဝင်လာပါတယ်။
Microsoft ရဲ့အဆိုအရ အရင်မော်ဒယ်ထက် ၈၅ ရာခိုင်နှုန်း ပိုမြန်လာတယ်လို့ သိရပါတယ်။ Storage ကတော့ 128GB SSD ကနေ 1TB အထိ ရွေးချယ်နိုင်မှာပါ။ USB 3.0 နဲ့ Mini DisplayPort တို့ပဲ ပါဝင်လာပြီး၊ အခုအချိန်ထိ USB-C မပါဝင်လာသေးပါဘူး။
Surface Laptop 2 ကိုလည်း အနက်ရောင်အပါအဝင် Burgundy ၊ Platinum နဲ့ Cobalt Blue အရောင် ၄ မျိုး ဝယ်ယူရရှိနိုင်မှာဖြစ်ကာ၊ Alcantara အသားနဲ့ လုပ်ထားတဲ့ ကီးဘုတ်ကိုလည်း Laptop ကိုယ်ထည်အရောင်အတိုင်း ကာလာ ၄ မျိုး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ကီးဘုတ်ကို စာရိုက်တဲ့အခါ ပိုမိုမြန်ဆန်ဖို့နဲ့ အသံပိုငြိမ်ဖို့အတွက် ဒီဇိုင်းပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
Surface Laptop 2 ကတော့ ၁၄.၅ နာရီ ဘက်ထရီသက်တမ်း ရှိပါတယ်။ Suface Laptop 2 ကိုတော့ ဒေါ်လာ ၁၀၀၀ ဈေးနဲ့ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့မှာပဲ Suface Pro 6 နဲ့အတူ ရောင်းချမှာဖြစ်ပါတယ်။
(၃) Surface Studio 2
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကမှာ ပထမမော်ဒယ်ကို ထုတ်ပြီးကတည်းက အသစ်မထွက် လာတဲ့ Surface Studio 2 ကို ယခုပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ဖန်တီးမှုနယ်ပယ်အတွက် အသားပေး ထုတ်လုပ်ထားတဲ့ Surface Studio 2 မှာ ၂၈ လက်မအရွယ် 4K PixelSense Display ၊ 7th Generation Intel Core i7-7820HQ Processor တို့ ပါဝင်ပြီး၊ Nvidia GeFore GTX 1060 ဒါမှမဟုတ် 1070 နှစ်ခုထဲက ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်မှာပါ။
16GB နဲ့ 32GB RAM နှစ်မျိုး ရွေးနိုင်သလို၊ Storage ကိုလည်း 1TB နဲ့ 2TB SSD နှစ်မျိုး ထပ်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Microsoft ရဲ့ အဆိုအရ Surface Studio 2 ဟာ အရင်ထက် Graphic စွမ်းဆောင်ရည် ၅၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန် လာတယ်လို့ သိရပါတယ်။
Xbox Wireless လည်း တပါတည်းပါဝင်ပြီး၊ Xbox ဆက်စပ်ပစ္စည်းအားလုံးကို PC မှာ ကြိုးမဲ့ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Surface Studio 2 ကိုတော့ ၃,၄၉၉ ဒေါ်လာနဲ့ Pre-Order မှာယူနိုင်ပြီဖြစ်ပြီး၊ အောက်တိုဘာ ၁၆ ရက်နေ့မှာပဲ စတင်ရောင်းချမှာဖြစ်ပါတယ်။
(၄) Surface Headphones
Surface လိုင်းထဲကို အသစ်ဝင်ရောက်လာတဲ့ Product အသစ်ဖြစ်ပါတယ်။ Microsoft ရဲ့ Digital Assistant Cortana ပါဝင်တဲ့ over-the-ear ကြိုးမဲ့နားကြပ်တွေဖြစ်ပြီး၊ အသံအတိုးအချဲ့နဲ့ ဆူညံမှုလျော့ချတဲ့စနစ်ကို အတိုး၊အလျော့ ပြုလုပ်နိုင်တဲ့ Dial ကို နားကြပ်ခွက်မှာ တခါတည်း တပ်ဆင်ပေးထားပါတယ်။
Hey Cortana လို့ ပြောကာ Digital Assistant အသုံးပြုနိုင်ပြီး၊ အသံနဲ့ ထိန်းချုပ်မှု ပြုလုပ်နိုင်မှာပါ။ ကြိုးမဲ့ ချိတ်ဆက်နိုင်သလို၊ ဖြုတ်တပ်နိုင်တဲ့ 3.5mm cable နဲ့လည်း ချိတ်ဆက် နားထောင် နိုင်ပါတယ်။ အားသွင်းဖို့ USB Type-C Port လည်း ပါဝင်ပါတယ်။ Bluetooth နဲ့ဆို ၁၅ နာရီ နားထောင်နိုင်ပြီး၊ ကြိုးနဲ့ဆိုရင်တော့ နာရီ ၅၀ အထိ နားထောင်နိုင်တယ်လို့ ဆိုပါတယ်။
Surface Headphones ရဲ့ အသံစနစ်ကို ချိန်ညှိနိုင်တဲ့ မိုဘိုင်း App တခုကိုလည်း နားကြပ်တွေနဲ့ အတူ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။
Surface ပွဲမှာ မိတ်ဆက်ခဲ့တဲ့ Products တွေလိုပဲ ယခု Surface Headphones ကိုလည်း ၃၄၉ ဒေါ်လာနဲ့ Pre-Order တင်နိုင်ပြီဖြစ်ပြီး၊ တင်ပို့ရောင်းချမယ့်ရက်ကိုတော့ ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပါဘူး။
(၅) Surface All Access
Surface products တွေကို လူတိုင်းနီးပါး ဝယ်ယူအသုံးပြုနိုင်ဖို့အတွက် “Surface All Access” ဆိုတဲ့ ငွေပေးချေမှု အစီအစဉ်တမျိုးကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Surface ပစ္စည်းတခုခုနဲ့ Accessories တွေအပါအဝင် Office 365 အသုံးပြုခွင့်ကို တလငွေအနည်းငယ်ပေးချေရုံနဲ့ အရစ်ကျ ဝယ်ယူနိုင်မယ့် စနစ် ဖြစ်ပါတယ်။
တလကို ၂၄.၉၉ ဒေါ်လာပဲ ပေးသွင်းရုံနဲ့ မိမိကြိုက်နှစ်သက်ရာ Surface device တခုကို ကိုင်နိုင်မှာ ဆိုတော့ တကယ် မိုက်ပါတယ်။ ဒါပေမယ့် U.S မှာပဲ စရဦးမယ်လို့ ဆိုပါတယ်။
(၆) App Mirroring
PC နဲ့ Mobile OS (Android) ကြားက ကွာခြားမှုကို ဆွဲစေ့ဖို့ ကြိုးစားနေတဲ့ Microsoft ဟာ App Mirroring လုပ်ဆောင်ချက်ကို Windows 10 ရဲ့ Your Phone app မှာ ထည့်ပေးလိုက်ပါတယ်။ စမတ်ဖုန်းက App ကို Windows 10 PC မှာ Mirror လုပ်ပြီး သုံးနိုင်မယ့် လုပ်ဆောင်ချက်မှာ ယနေ့ အသစ်ထွက်ရှိလာတဲ့ Windows 10 October Update မှာ စတင်အသုံးပြုနိုင်ပြီလို့ သိရပါတယ်။
Ref: Digital Trends, The Verge