၂၀၁၈ ခုနှစ်ရဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး Brand အဖြစ် Apple ကို သတ်မှတ်လိုက်ပါတယ်။ နာမည်ကြီး Brand အတိုင်ပင်ခံအေဂျင်စီ Interbrand ရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ “Best 100 Global Brands 2018” စာရင်းမှာ Apple က ထိပ်ဆုံးက ဦးဆောင်နေတာဖြစ်ပြီး၊ ၆ နှစ် ဆက်တိုက် ပထမနေရာ ရယူထားနိုင်တာလည်း ဖြစ်ပါတယ်။
Apple နောက်မှာတော့ Google က ဒုတိယနေရာက ရပ်တည်လျက်ရှိပြီး၊ Amazon က တတိယနေရာ အထိ ခုန်တက်လာခဲ့ပါတယ်။ ထိပ်ဆုံးကုမ္ပဏီ ၃ ခုစလုံးဟာ အမေရိကန် နည်းပညာ ကုမ္ပဏီတွေပဲ ဖြစ်နေတာလည်း တွေ့ရမှာပါ။
“စီးပွားရေး စွမ်းဆောင်ရည်”၊ “Brand လွှမ်းမိုးနိုင်မှု” နဲ့ “Brand ခိုင်မာမှု” စတဲ့ အဓိက အချက် ၃ ချက်အပေါ် မူတည်ပြီး Brand တန်ဖိုးကို တွက်ချက်ထားတာ ဖြစ်ပါတယ်။ Apple ဟာ အရင် နှစ်ကထက် Brand တန်ဖိုး ၁၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး၊ စုစုပေါင်းတန်ဖိုး ၂၁၄ ဒဿမ ၅ ဘီလီယံ ဒေါ်လာနဲ့ ဒုတိယနေရာက Google ( ၁၅၅ ဒဿမ ၅ ဘီလီယံဒေါ်လာ) ကို အပြတ်အသတ် အကွာနဲ့ ဦးဆောင်ထားပါတယ်။
Apple ဟာ သြဂုတ်လတုန်းကလည်း ဒေါ်လာထရီလျံတန်ကြေးရှိ ကမ္ဘာ့ပထမဆုံး အများပိုင် ကုမ္ပဏီအဖြစ် စံချိန်ရေးထိုးနိုင်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ်က Apple အတွက် မင်္ဂလာနှစ်လို့ ဆိုရမှာပါ။
Interbrand ရဲ့ ကမ္ဘာ့ထိပ်တန်း Brand ၁၀၀ စာရင်းမှာ ထိပ်ဆုံး ၂ နေရာကို Appleနဲ့ Google ကပဲ သိမ်းပိုက်ထားခဲ့တာ ယခုနှစ်နဲ့ဆို ၆ နှစ်ဆက်တိုက် ရှိသွားပါပြီ။ Tesla ၊ Thomas Reuters ၊ Moet & Chandon နဲ့ Smirnoff တို့ကတော့ ၂၀၁၇ ခုနှစ် ကမ္ဘာ့ထိပ်တန်း Brand စာရင်းမှာ ပါဝင်ခဲ့ပေမယ့်၊ ယခုနှစ်မှာတော့ ပြုတ်ကျန်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ကမ္ဘာ့ထိပ်တန်း Brand စာရင်းမှာ Amazon က တန်ကြေး ၁၀၀ ဒဿမ ၈ ဘီလီယံဒေါ်လာနဲ့ တတိယနေရာ၊ Microsoft က ၉၂ ဒဿမ ၇ ဘီလီယံဒေါ်လာနဲ့ စတုတ္ထနေရာ၊ Coca Cola က ၆၆ ဒဿမ ၃ ဘီလီယံဒေါ်လာနဲ့ ပဉ္စမနေရာတို့မှာ အသီးသီး ရပ်တည်လျက် ရှိပါတယ်။ Samsung ကတော့ အဆင့် ၆ နေရာမှာပါ။
ဒေတာ အရှုပ်တော်ပုံတွေကြောင့် နာမည်ဆိုးတွေ ထွက်ခဲ့တဲ့ Facebook ရဲ့ Brand တန်ဖိုးကတော့ ယခုနှစ်မှာ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး၊ အဆင့် ၈ ကနေ အဆင့် ၉ နေရာ ပြုတ်ကျ သွားပါတယ်။
Interbrand ရဲ့ CEO ဖြစ်သူ Charles Trevail က Customer တွေရဲ့ ပြောင်းလဲလာတဲ့ လိုအပ်ချက်နဲ့ မျှော်လင့်ချက်တွေကို သိရှိ၊ ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ ကုမ္ပဏီတွေဟာ အအောင်မြင်ဆုံး ကုမ္ပဏီတွေ ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၈ စာရင်းမှာ တိုးတက်မှုအမြန်ဆုံး Brand ကတော့ Amazon ဖြစ်ပြီး၊ Brand တန်ဖိုး ၅၆ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိလာတာ ဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်တန်း Brand ၁၀၀ စာရင်းရဲ့ တဝက်လောက်ဟာ မော်တော်ကား၊ နည်းပညာ၊ စီးပွားရေး ဝန်ဆောင်မှု၊ ဇိမ်ခံပစ္စည်းနဲ့ FMCG စားသောက်ကုန်လုပ်ငန်းတွေ ဖြစ်ပါတယ်။
Ref: The Guardian, Gadgets NDTV