တရုတ်အစိုးရဟာ Apple နဲ့ Amazon အပါအဝင် အမေရိကန်နည်းပညာ ကုမ္ပဏီကြီးတွေရဲ့ Server စက်တွေမှာ အလွန်သေးငယ်တဲ့ Microchips တွေ ထည့်သွင်းပြီး၊ ကွန်ပျူတာစနစ်တွေထဲ လှို့ဝှက်ဝင်ရောက်ခဲ့တယ်လို့ Bloomberg က ဖော်ပြထားပါတယ်။
အဆိုပါ Microchips တွေဟာ ဆန်စေ့တစေ့ အရွယ်လောက်တောင် မရှိဘဲ အထူးသီးသန့် ကိရိယာတွေ အသုံးမပြုဘဲနဲ့ ရှာလို့ မတွေ့နိုင်အောင် သေချာဒီဇိုင်းထုတ်ထားတဲ့ Chip တွေ ဖြစ်ပါတယ်။
Server စက်တွေမှာ အသုံးပြုမယ့် motherboards တွေကို တရုတ်ပြည်တွင်းမှာ ထုတ်လုပ်စဉ်က ထည့်သွင်းခဲ့တာ ဖြစ်ကြောင်း Bloomberg က အခိုင်အမာ ဆိုထားပါတယ်။ Chips တွေကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ Computer Hardware တိုက်ခိုက်ရေး အထူးတပ်ဖွဲ့တခုက ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Chips ထည့်သွင်းထားတဲ့ Server စက်တွေကို တရုတ်ဟက်ကာတွေအနေနဲ့ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး၊ ဒေတာတွေ ခိုးယူတာ၊ တခြား Server တွေနဲ့ ဆက်သွယ်တာ၊ လုပ်ဆောင်ချက်တွေကို ပြောင်းလဲတာမျိုးတွေပါ စိတ်တိုင်းကျ လုပ်နိုင်ခွင့် ရခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ Microchips တွေပါလာတဲ့ Servers တွေဟာ California ပြည်နယ်၊ San Jose အခြေစိုက် Super Micro Computer ကုမ္ပဏီက ရောင်းချတဲ့ စက်တွေဖြစ်တယ်လို့လည်း သတင်းထွက်နေပါတယ်။
Super Micro Computer ဟာ Data Center တွေအတွက် Hardware နဲ့ Software တွေကို အဓိကထုတ်လုပ်ရောင်းချ နေတဲ့ ကုမ္ပဏီဖြစ်ပြီး၊ Apple နဲ့ Amazon အပါအဝင် ကုမ္ပဏီပေါင်း ၃၀ ကို ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
Server စက်တွေမှာ အခုလို Microchips တွေ ထည့်သွင်းတိုက်ခိုက်မှုကို U.S စုံစမ်းထောက်လှမ်းရေး အဖွဲ့တွေက ၂၀၁၅ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Apple နဲ့ Amazon ကုမ္ပဏီတို့ကလည်း Super Micro Computer က ထုတ်တဲ့ Server တွေကို ဝယ်ယူချိန်မှာ ဒီအကြောင်းကို သိရှိပြီးသားဖြစ်တယ်လို့ Bloomberg က ရေးသားထားပါတယ်။
Amazon က Elemental Technologies ကုမ္ပဏီကို ၂၀၁၅ ခုနှစ်မှာ ဝယ်ယူစဉ်က Supermicro က ထုတ်ပေးထားတဲ့ Server စက်တွေမှာ Microchips တွေ ပါဝင်နေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Apple ကလည်း Supermicro ရဲ့ Servers တွေကို အလုံးရေ ၇၀၀၀ လောက် ဝယ်ယူခဲ့ပြီးနောက်မှ၊ ကုမ္ပဏီရဲ့ လုံခြုံရေးအဖွဲ့က Chips တွေကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Bloomberg ရဲ့ ပြောကြားချက်တွေကိုတော့ Amazon ၊ Apple နဲ့ Supermicro ကုမ္ပဏီ ၃ ခုလုံးက မဟုတ်မှန်ကြောင်း ငြင်းပယ်ထားပါတယ်။ ထိုနည်းတူ တရုတ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးကလည်း ဒီသတင်းကို အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်သာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။
Ref: The Guardian, Bloomberg