Google ရဲ့ ဖုန်းအသစ်ဖြစ်လာမယ့် Pixel 3 XL ကို မနက်ဖြန် အောက်တိုဘာ ၉ရက် အင်္ဂါနေ့၊ မြန်မာစံတော်ချိန် ည ၉ နာရီအချိန်မှာ တရားဝင်မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။
Google Pixel 3 XL ဖုန်းဟာ သတင်းပေါက်ကြားမှုအများဆုံး ဖုန်းတလုံးလည်းဖြစ်တာကြောင့်၊ တရားဝင် မိတ်မဆက်ရ သေးပေမယ့် ဖုန်းအကြောင်းကို အသေးစိတ်ကအစ အားလုံးလိုလိုသိပြီးဖြစ်ကြမှာပါ။ ဒီထက် ပိုဆိုးတာက အခုဆို Pixel 3 XL ကို တရားဝင်ရောင်းချနေပြီဆိုတဲ့ သတင်းတွေပါ ထွက်လာတာ တွေ့ရပါတယ်။
Engadget ရဲ့ ဖော်ပြချက်အရ ဟောင်ကောင်က လက်လီအရောင်းဆိုင်တခုဟာ Pixel 3 XL ဖုန်းကို အောက်တိုဘာ ၉ ရက်နေ့ မိတ်ဆက်ပွဲမတိုင်ခင်ကတည်းက ရောင်းချပြီဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဖုန်းကို Engadget က ဝယ်ယူခဲ့ပြီး၊ လက်တွေ့ သုံးပြတဲ့ Hands-on ဗီဒီယိုတခုပါ တင်ထားပြီးဖြစ်ပါတယ်။
Engadget အယ်ဒီတာ Richard Lai ဟာ Pixel 3 XL ဖုန်းကို WahPhone Digital ဆိုတဲ့ ဟောင်ကောင်အရောင်းဆိုင် တခုကနေ ဌားရမ်းရရှိခဲ့တာပါ။ WahPhone ဟာ Pixel 3 XL ကို သာမန်ဈေးနဲ့ ကြိုရောင်းနေတာတော့ မဟုတ်ပါဘူး။ ပါကင်ပိတ်တလုံးကို အမေရိကန်ဒေါ်လာ ၂,၀၃၀ နဲ့ ရောင်းချနေတာဖြစ်ပါတယ်။
Lai လက်ထဲမှာ ရှိတဲ့အလုံးဟာ အရင်က ပေါက်ကြားထားတဲ့ သတင်းအချက်အလက်အားလုံးနဲ့လည်း ကိုက်ညီ နေပါတယ်။ ၆.၃ လက်မအရွယ် Screen မျက်နှာပြင်၊ 128GB Storage ၊ 4GB RAM နဲ့ Snapdragon 845 Chipset တို့ ပါရှိပြီး၊ ဒီထက်မော်ဒယ်မြင့်အလုံးမှာတော့ RAM ပမာဏပိုများများ ပါလာနိုင်ပါတယ်။ Display က နေရောင်ထဲမှာတောင် ကောင်းကောင်း မြင်တွေ့အသုံးပြုနိုင်တယ်လို့ Lai က ဆိုပါတယ်။ အရင်မော်ဒယ်လိုပဲ LG ရဲ့ P-OLED Display နဲ့ ဖြစ်ဖို့ များပါတယ်။
Pixel 3 XL ရဲ့ ကင်မရာကတော့ သတင်းကြိုထွက်ထားတဲ့အတိုင်း ကျောကင်မရာတလုံး၊ ရှေ့ကင်မရာတလုံးပဲ ဖြစ်ပါတယ်။ တခြားဖုန်းကုမ္ပဏီတွေအနေနဲ့ သူ့ထက်ငါ ကင်မရာပိုများအောင် ထုတ်နေချိန်မှာ Google ကတော့ ကင်မရာတလုံးတည်းနဲ့ပဲ လုပ်ပြဦးမှာပါ။
အဓိက ကင်မရာက 12.2-megapixel တလုံးတည်းဖြစ်ပေမယ့်၊ ရှေ့ကင်မရာကတော့ 8-megapixel ကင်မရာ ၂ လုံး ဖြစ်သွားပါတယ်။ ရှေ့ကင်မရာ ၂ လုံးမှာ ၁ လုံးက မြင်ကွင်းကျယ်ရိုက်နိုင်မယ့် wide-angle lens ဖြစ်ပါတယ်။
Google ရဲ့ နောက်ဆုံး Android 9.0 Pie စနစ်နဲ့ ဖြစ်ပြီး၊ ဖုန်းကို ညှစ်ပြီး တချို့ Action တွေကို လုပ်ခိုင်းလို့ရတဲ့ Active Edge လုပ်ဆောင်ချက်လည်း ဆက်လက်ပါဝင်လာဦးမှာဖြစ်ပါတယ်။
Pixel 3 XL ဘူးထဲမှာတော့ USB-C နားကြပ်၊ USB C နဲ့ 3.5mm dongle တခု၊ USB-C-to-USB-C ကေဘယ်တကြိုး၊ USB-C-to-USB-A dongle နဲ့ 18W USB-C အားသွင်းခေါင်းတခုတို့ ပါရှိပါတယ်။
Google ဟာ Pixel 3 ဖုန်းမိတ်ဆက်ပွဲကို အောက်တိုဘာလ ၉ ရက်၊ အင်္ဂါနေ့ည မြန်မာစံတော်ချိန် ကိုးနာရီခွဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Ref: The Verge, Engadget