IT

အသုံးပြုသူ အချက်အလက် ပေါက်ကြားမှု ဖြစ်ပွားပြီးနောက် Google+ ကို ပိတ်သိမ်းတော့မည်

Want create site? Find Free WordPress Themes and plugins.

Google+ လူမှုကွန်ရက်ကို အပြီးတိုင် ပိတ်သိမ်းတော့မှာဖြစ်ကြောင်း တနင်္လာနေ့က သတင်းထုတ်ပြန် ကြေညာလိုက်ပါတယ်။

၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် မတ်လအတွင်း Google+ အသုံးပြုသူပေါင်း ၅၀၀,၀၀၀ နီးပါးရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားခဲ့တာဖြစ်ပြီး၊ အဆိုပါဒေတာအချက်အလက်တွေကို အလွဲသုံးစား ပြုလုပ်မှုမျိုးတော့ မတွေ့ခဲ့ရဘူးလို့ Google က ဆိုပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်ကို တာဝန်ယူတဲ့အနေနဲ့ Google+ ကို ၁၀ လအတွင်း အပြီးတိုင် ပိတ်သိမ်းတော့မှာပါ။

Google ဟာ အဆိုပါ လုံခြုံရေးပေါက်ကြားမှုကို ပြီးခဲ့တဲ့မတ်လမှာ စတင်တွေ့ရှိခဲ့ပေမယ့် ၆ လ တိုင်တိုင် ထုတ်ပြန်ကြေညာခြင်း မရှိဘဲ လျှို့ဝှက်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ထုတ်ဖော်ပြောကြားလိုက်မယ်ဆိုရင် အာဏာပိုင်တွေဆီက ချက်ချင်း စုံစမ်းစစ်ဆေးမှုတွေ ရောက်လာမှာ စိုးတာကြောင့် ဖြစ်တယ်လို့ WSJ က Google ရဲ့ ကုမ္ပဏီတွင်း စာရွက်စာတမ်းတခုကို ကိုးကားပြီး ရေးသားခဲ့ပါတယ်။

ယနေ့ ထုတ်ပြန်ခဲ့တဲ့ ကုမ္ပဏီ Blog Post မှာတော့ အဆိုပါပြဿနာဟာ အများပြည်သူကို အသိပေးရလောက်အောင် ဆိုးရွားတဲ့ ပြဿနာ မဟုတ်တာကြောင့် အသိမပေးခဲ့တာ ဖြစ်တယ်လို့ Google က ဆိုပါတယ်။

Bug ကနေ Third-party Apps တွေဟာ Private လုပ်ထားတဲ့ Google+ ပရိုဖိုင်တွေက အချက်အလက်တွေကိုပါ ရယူနိုင်ခွင့်ရခဲ့တယ်လို့ Google က ဆိုပါတယ်။

အီးမေးလ်လိပ်စာ၊ ကျား/မ ၊ အသက်အရွယ်၊ ဓာတ်ပုံ၊ Relationship အခြေအနေ၊ နေထိုင်ခဲ့တဲ့အရပ်ဒေသတွေနဲ့ ရာထူး၊ အလုပ်အကိုင် စတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပါဝင်ပါတယ်။ Bug ရှိနေတဲ့ API ကို Applications ပေါင်း ၄၃၈ ခုလောက် Access ရခဲ့ပေမယ့်၊ Developers တယောက်မှ အဆိုပါ အားနည်းချက်ကို သတိမပြုမိခဲ့ဘူးလို့ Google က ရေးသားထားပါတယ်။

လက်ရှိ အချိန်မှာလည်း Google+ ဟာ အသုံးပြုသူနည်းပါးတဲ့ လူမှုကွန်ရက်တခုဖြစ်ပြီး၊ Google+ ကို User ဝင်ကြည့်မှု အကြိမ်တိုင်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ၅ စက္ကန့်တောင် မကြာတဲ့ ဆက်ရှင်တွေ ဖြစ်ပါတယ်။

ဒါကြောင့် Goolge ဘက်က အချိန်ကုန်၊ ငွေကုန်ခံပြီး လုပ်နေမယ့်အစား ပိတ်ဖို့ပဲ ဆုံးဖြတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ပိတ်၊ မပိတ်က သိပ်မထူးခြားဘူး။ ဒါပေမယ့် လုံခြုံရေးပေါက်ကြားမှုကို ချက်ချင်း ထုတ်ပြန်ကြေညာခြင်း မရှိဘဲ ၆ လလောက် ဖုံးကွယ်ထားတာကတော့ ဆိုက်ဘာ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။

Ref: New York Times, Cnet

Did you find apk for android? You can find new Free Android Games and apps.
Loading