ယခုနှစ်ရဲ့ သတင်းပေါက်ကြားမှုအများဆုံး ဖုန်းနှစ်မျိုးဖြစ်တဲ့ Pixel 3 နဲ့ Pixel 3 XL တို့ကတော့ တရားဝင် ထွက်ရှိလာပါပြီ။
Pixel 3 (64GB) မော်ဒယ်ကို ၇၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ Pixel 3 XL (64GB) ကိုတော့ ၈၉၉ ဒေါ်လာနဲ့ စရောင်းသွားမှာဖြစ်ပါတယ်။
နောက်ထပ် ဒေါ်လာ ၁၀၀ ပိုပေးမယ်ဆိုရင်တော့ 128GB အထိ ရမှာဖြစ်ပါတယ်။ မနှစ်က Pixel 2 ဈေးနဲ့ ယှဉ်မယ်ဆိုရင် Pixel 3 က ဒေါ်လာ ၁၅၀ ပိုများသွားပြီး၊ Pixel 3 XL က မနှစ်က Pixel 2 XL မူရင်းဈေးထက် ဒေါ်လာ ၅၀ ပိုများသွားတာ တွေ့ရပါတယ်။
Pixel 3 ဖုန်းနှစ်ခုလုံးရဲ့ အဓိက Specs တွေကတော့ လက်ရှိအမြင့်ဆုံးဖြစ်တဲ့ Snapdragon 845 Chipset ၊ 4GB RAM ( RAM မော်ဒယ်တမျိုးတည်း) ၊ Bluetooth 5.0 ၊ ဖုန်းအပေါ်ဘက် (Front-firing) စပီကာ၊ 64GB or 128GB Storage နဲ့ Wireless Charging ပါဝင်လာတာတို့ ဖြစ်ပါတယ်။
ဒါ့အပြင် “Login အချက်အလက်တွေ၊ Disk Encryption ၊ App Data နဲ့ Operating System တခုလုံးကို ကာကွယ်မှုပေးဖို့အတွက်” ဖုန်းမှာ Titan M လုံခြုံရေးချစ်ပ်အသစ်တခု ထည့်သွင်းပေးထားတယ်လို့ Google က ဆိုပါတယ်။
Pixel 3 နဲ့ 3XL တို့ဟာ Screen ပိုကြီးလာတာကလွဲရင် အခြေခံဒီဇိုင်းပိုင်းကတော့ မနှစ်က မော်ဒယ်တွေနဲ့ အရမ်းကွာခြားမှုမရှိဘူးလို့ ဆိုနိုင်ပါတယ်။ သတင်းတွေ ထွက်ထားတဲ့အတိုင်းပဲ Pixel 3 XL မှာ Notch ခပ်ကြီးကြီး ပါဝင်လာတာတွေ့ရပြီး၊ Pixel 3 မှာတော့ Notch မပါဝင်ဘဲ ဖုန်းအထက်အောက်ဘောင်တွေ နည်းနည်းသိသာနေပါသေးတယ်။
ကျောဘက်ကိုယ်ထည်တခုလုံးက ဖန်သားအပြည့်နဲ့ ဖြစ်ပြီး၊ HTC Sense လို ဖုန်းဘေးကို ညှစ်ပြီး Action လုပ်လို့ရတဲ့ လုပ်ဆောင်ချက်လည်း ဆက်လက်ပါဝင်လာပါတယ်။ ကျောဘက်မှာတော့ Pixel Imprint လက်ဗွေရာဆန်ဆာကို တွေ့မြင်ရမှာပါ။
Apple အပါအဝင် စမတ်ဖုန်းကုမ္ပဏီတိုင်းလိုလို ဖုန်းမော်ဒယ်အသစ်တွေမှာ အနည်းဆုံး ကျောကင်မရာနှစ်လုံး လောက် သုံးနေကြပြီဖြစ်ပေမယ့်၊ Google ကတော့ ခေါင်းမာမာပဲ 12.2-megapixel ကျောကင်မရာတလုံး တည်းကိုသာ ဆက်သုံးထားပါတယ်။ ရှေ့ကင်မရာကတော့ 8-megapixel sensors နှစ်လုံးဖြစ်သွားပြီး၊ တလုံးက Selfie ရိုက်တဲ့အခါ လူပိုဆန့်နိုင်မယ့် Wide-angel Lens နဲ့ ဖြစ်ပါတယ်။
Pixel 2 ဟာ အကောင်းဆုံး စမတ်ဖုန်းကင်မရာရိုက်ကူးမှုကို ပေးစွမ်းနိုင်တဲ့ ဖုန်းဖြစ်တယ်ဆိုတာ အားလုံး လက်ခံထားကြတဲ့အချက်ဖြစ်ပါတယ်။
Google ဟာ အဆိုပါဂုဏ်ပုဒ်ကို ဆက်ထိန်းဖို့အတွက် Pixel 3 နဲ့ 3 XL တို့ရဲ့ ကျောကင်မရာမှာ ထုံးစံအတိုင်း ဆော့ဖ်ဝဲလုပ်ဆောင်ချက်အသစ်တွေကို ဖြည့်ဆည်းပေးထားပါတယ်။
အဓိကကတော့ ပိုကောင်းတဲ့ AI လုပ်ဆောင်ချက်တွေ ပါဝင်လာတာပါ။ Top Shot လုပ်ဆောင်ချက်က ပုံတွေကို အတွဲလိုက်ရိုက်ပြီး အကောင်းဆုံးပုံတပုံကို ရွေးချယ်ပေးမှာဖြစ်ပါတယ်။ Super Res Zoom ကတော့ AI နည်းပညာကို အသုံးချပြီး Zoom ဆွဲ ရိုက်ချက်တွေကို အပြတ်သားဆုံးဖြစ်အောင် လုပ်ပေးမယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။
Photobooth က ပြုံးလိုက်ရင် ဒါမှမဟုတ် ရယ်စရာပုံစံလုပ်နေရင် အလိုလို Selfie ရိုက်ပေးမှာပါ။ နောက်ထပ် အသစ် Night Shot ကတော့ Pixel 3 ကို တခြားဖုန်းတွေထက် ပိုသာအောင် လုပ်ဆောင်ပေးမယ့် အဓိက လုပ်ဆောင်ချက်ဖြစ်ပါတယ်။
ညဘက်လို Low-light ရိုက်ကူးတဲ့အခါ Flash မီး လုံးဝဖွင့်စရာမလိုဘဲ အကောင်းဆုံးညရိုက်ချက်တွေ ပေးစွမ်းပေးနိုင်မယ်လို့ ဆိုပါတယ်။ ကင်မရာမှာ အရာဝတ္ထုတခုကို ထောက်ပြီး သူ့ရွေ့လျားမှုအတိုင်း အလိုအလျောက် Focus လိုက်ဖြတ်ထားမယ့် စနစ်လည်း ပါဝင်လာပါတယ်။
Pixel ဖုန်းတွေမှာ ပထမဆုံးအနေနဲ့ ကြိုးမဲ့အားသွင်းစနစ်လည်း ပါဝင်လာပါတယ်။ ဒီအတွက် ၇၉ ဒေါ်လာတန် ကြိုးမဲ့အားသွင်း Stand ဖြစ်တဲ့ “Pixel Stand” ကိုလည်း တပါတည်း မိတ်ဆက်သွားခဲ့ပါတယ်။
Pixel 3 ဖုန်းတွေကို နောက်ဆုံး Android စနစ် Android 9 Pie နဲ့ ထုတ်ပေးသွားမှာဖြစ်ကာ၊ Pie ရဲ့ နာမည်ကျော်လုပ်ဆောင်ချက်ဖြစ်တဲ့ Digital Wellness လုပ်ဆောင်ချက် တခါတည်းပါဝင်လာမယ့် ဖုန်းတွေ ဖြစ်ပါတယ်။
ဒီနှစ်အတွက် Pixel 3 နဲ့ 3 XL တွေအတွက် သီးသန့် Software Trick လုပ်ဆောင်ချက်တခုကတော့ Call Screen ဖြစ်ပါတယ်။ ဖုန်းလာတဲ့အခါ Google Assistant က ကိုင်ပေးမှာဖြစ်ပြီး၊ တဖက်က ပြောသမျှကို Screen မှာ တိုက်ရိုက်စာနဲ့ ဖော်ပြပေးမှာဖြစ်ပါတယ်။ အစည်းအဝေးတွေ လုပ်နေစဉ် အရေးကြီးဖုန်းတွေ ဝင်လာရင် တော်တော်အသုံးဝင်မယ့် လုပ်ဆောင်ချက်ပါ။
Pixel 3 နဲ့ Pixel 3 XL ဖုန်းနှစ်မျိုးလုံးကို ယနေ့ကစ Pre-Order မှာယူနိုင်ပြီဖြစ်ကာ၊ ဝယ်ယူသူတိုင်းကို YouTube Music ဝန်ဆောင်မှု အခမဲ့ခြောက်လတာ ပေးသွားမှာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့မှာ စတင်ရောင်းချမှာပါ။
Pixel 3 နဲ့ Pixel 3 XL တို့ကို Just Black ၊ Clearly White နဲ့ Not Pink စတဲ့ ရိုးရိုးရှင်းရှင်းကာလာသုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။
Ref: The Verge, 9to5Google, Android Authority