မနေ့ညက ကျင်းပသွားခဲ့တဲ့ Made by Google ပွဲမှာ Pixel 3 ဖုန်းအသစ်တွေနဲ့အတူ Pixel Slate ဆိုတဲ့ ကီးဘုတ် ကိုယ်ထည်ဖြုတ်တပ်နိုင်တဲ့ Tablet တလုံးကို မိတ်ဆက်သွားခဲ့ပါတယ်။ Google ရဲ့ ပထမဆုံး Chrome OS Tablet လို့လည်း ဆိုနိုင်ပါတယ်။
Pixel Slate ဟာ မကြာခင်က မိတ်ဆက်သွားတဲ့ Microsoft Surface Pro 6 နဲ့iPad Pro တို့ကို ယှဉ်ပြိုင်မယ့် စွမ်းဆောင်ရည်မြင့် Tablet တလုံးပါ။ Specs အနေနဲ့ အမြင့်ဆုံး 8th Gen Intel Core i7 Processors ၊ 16GB RAM နဲ့ 256GB Storage တို့အထိ ရရှိနိုင်မှာဖြစ်ပါတယ်။
12.3-inch 3000 x 2000 pixels LCD Display နဲ့ ဖြစ်ပြီး၊ LCD တွေထဲမှာ ရုပ်ထွက်ပြတ်သားမှုအရှိဆုံး Display ဖြစ်တယ်လို့ Google က ဆိုပါတယ်။ Pixel သိပ်သည်းမှု 293 ppi ရှိပြီး၊ 267 ppi ရှိတဲ့ Surface Pro 6 နဲ့ 264 ppi ရှိတဲ့ iPad Pro (12.9 inch) တို့ထက် သိပ်သည်းမှုပိုများပါတယ်။
Pixel Slate ရဲ့ ကိုယ်ထည်က ၇ မီလီမီတာသာ ရှိပေမယ့် ဘက်ထရီကတော့ ၁၂ နာရီအထိ ခံတယ်လို့ Google က ပြောကြားခဲ့ပါတယ်။
Google ဟာ Chrome OS ကို Pixel Slate မှာ အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ သုံးနိုင်အောင် အထူး Optimize လုပ်ထားပေးပါတယ်။ မောက်စ်နဲ့ Trackpad ပါတဲ့ ကီးဘုတ်တို့ကို ချိတ်ဆက်လိုက်မယ်ဆိုရင်၊ ပုံမှန် Desktop Interface ( အသွင်အပြင် ) တိုင်းဖြစ်သွားပြီး၊ ဆက်စပ်ပစ္စည်းတွေကို ဖြုတ်လိုက်တာနဲ့ Touch သုံးဖို့ Tablet mode ကို အလိုလိုပြောင်းသွားမှာဖြစ်ပါတယ်။
Tablet Mode မှာ Android ပုံစံ လုပ်ဆောင်ချက်တွေဖြစ်တဲ့ Night Light ၊ Do Not Disturb တို့လည်း သုံးလို့ရမှာပါ။ ဒါ့အပြင် Google Assistant ကိုလည်း အခု Chrome OS မှာ သေချာထည့်သွင်းပေးထားပါတယ်။
Pixel Slate မှာ ပုံဆွဲ၊ မှတ်စုထုတ်၊ စာရေး စတာတွေ လုပ်ဖို့အတွက် Pixel Pen လည်း အသုံးပြုနိုင်မှာပါ။ Pixel Slate ဝယ်ရင် ပါလာမှာတော့မဟုတ်ဘဲ ၉၉ ဒေါ်လာနဲ့ ထပ်ဝယ်ရမှာဖြစ်ပါတယ်။
Pixel Slate ကို Intel Celeron ဒါမှမဟုတ် Core M3 ၊ i5 နဲ့ i7 Processors အမျိုးမျိုး ရွေးချယ်ဝယ်ယူနိုင်ပြီး၊ 4GB ကနေ 16GB အထိ ထပ်ရွေးချယ်နိုင်ပါတယ်။
အနည်းဆုံးဈေးက ၅၉၉ ဒေါ်လာရှိပြီး၊ အမြင့်ဆုံး Specs တွေနဲ့ပဲ ယူမယ်ဆိုရင် ၁၅၉၉ ဒေါ်လာအထိ ပေးရမှာဖြစ်ပါတယ်။ Google ကိုယ်တိုင်ထုတ်တဲ့ ကီးဘုတ်ကိုပါ လိုချင်ရင်တော့ နောက်ထပ် ဒေါ်လာ ၂၀၀ ထပ်ပေးရမှာပါ။
Pixel Slate ကို ဘယ်တော့ ရောင်းချမလဲဆိုတာ ပြောမသွားပေမယ့်၊ ဒီနှစ်အတွင်း ထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။
Ref: Engadget, The Verge