အရည်အသွေးကောင်းမွန်ပြီး၊ ဈေးနှုန်းသက်သာတဲ့ 360-degree ကင်မရာတွေကြောင့် လူသိများတဲ့ Insta360 ကုမ္ပဏီဟာ One X ဆိုတဲ့ ကင်မရာအသစ်တမျိုးကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။ 5.7K ရုပ်ထွက်အရည်အသွေးအထိရှိတဲ့ 360-degree ဓာတ်ပုံ၊ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မယ့် VR ကင်မရာပါ။
မနှစ်က ထွက်ခဲ့တဲ့ Insta360 One ကင်မရာတုန်းက အမြင့်ဆုံး 4K အထိပဲ ရိုက်ကူးနိုင်ခဲ့ပေမယ့်၊ အခု One X မှာတော့ 5.4K အထိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
အရင် Insta360 ကင်မရာတွေလို စမတ်ဖုန်းမှာ တပ်သုံးလို့ ရမှာမဟုတ်ဘဲ၊ သီးသန့် အသုံးပြုနိုင်အောင် ဒီဇိုင်း လုပ်ထားပါတယ်။ ကင်မရာရိုက်နေစဉ်မှာကော၊ ရိုက်အပြီးမှာပါ အသုံးပြုသူတွေကို ပိုမိုလွတ်လပ်စွာ ဖန်တီးနိုင်စွမ်းတွေ ပေးဖို့အတွက် ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဝင်ရိုး ၆ ဘက်ထိန်း Gyroscope Stabilization စနစ်နဲ့ Insta360 ရဲ့ FlowState ဟန်ချက်ထိန်း အယ်ဂရစ်သမ်တို့ကို အသုံးပြူထားပြီး လှုပ်ရှားမှုတိုင်းကို တုန်ခါမှုမရှိအောင် ရိုက်ကူးပေးနိုင်ပါတယ်။
“ One X ကို ဦးထုပ်၊ Selfie Stick နဲ့ ကနူးလှေ ကြိုက်တဲ့နေရာမှာ တပ်ရိုက်ပါ။ ပရော်ဖက်ရှင်နယ်သုံး Stabilizer နဲ့ ရိုက်ထားသလို အငြိမ်ဆုံး တွေ့မြင်ရပါလိမ့်မယ်” လို့ Insta360 က ဆိုပါတယ်။
5.7K ဗီဒီယိုတွေကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး၊ 4K နဲ့ 3K Resolution ဗီဒီယိုတွေကို 50fps နဲ့ 100fps နှုန်းတွေနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
ဗီဒီယိုတွေအပြင် 18-megapixel JPEG နဲ့ DNG RAW ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်ပြီး အလင်းရောင်နည်းတဲ့ အချိန်မှာတောင် ကောင်းကောင်းရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ISO ၊ Exposure ၊ White Balance ၊ Shutter Speed တို့ကိုလည်း မိမိစိတ်ကြိုက် ချိန်ရိုက်နိုင်မှာပါ။
Insta360 နဲ့ ရိုက်ကူးထားသမျှကို Android နဲ့ iOS က One X ရဲ့ Editing App နဲ့ အမျိုးမျိုး ပြန်လည်ပြင်ဆင် တည်းဖြတ်နိုင်မှာလည်း ဖြစ်ပါတယ်။
အသစ်ပါဝင်လာတဲ့ TimeShift လုပ်ဆောင်ချက်က ဗီဒီယိုအစိတ်အပိုင်းတွေရဲ့ Playback နှုန်းကို ပြန်ချိန်ညှိနိုင်ပြီး၊ အနှေးရိုက်ကွက် (Slow motion) တွေကနေ အမြန် Hyperlapses တွေအထိ စိတ်ကြိုက်ချိန်နိုင်ပါတယ်။ Bullet Time လုပ်ဆောင်ချက်ကလည်း မြင်ကွင်းပိုကျယ်လာပြီး၊ 3K Resolution အထိ ရိုက်နိုင်ပြီဖြစ်ပါတယ်။
One X ကို Selfie Stick မှာ တင်ရိုက်မယ်ဆိုရင် Stick ကို ဓာတ်ပုံ၊ ဗီဒီယိုတွေမှာ မပေါ်အောင် ဖျောက်ထားပေးမှာဖြစ်ပြီး၊ ဒရုန်းနဲ့ ရိုက်ထားသလို ခံစားရပါလိမ့်မယ်။
ဒါ့အပြင် Insta360 ဟာ အခု One X အတွက် ‘Dart’ လို့ အမည်ပေးထားတဲ့ ဒုံးကျည်ပုံစံ Drifter တခုကိုလည်း ထုတ်လုပ်ထားပါတယ်။ One X ကင်မရာကို Dart မှာ တပ်ဆင်ပြီး၊ အဝေးကို ပစ်လွှတ်လိုက်ရင် သာမန်ပုံစံနဲ့ ရိုက်ကူးဖို့ ခက်ခဲတဲ့ မြင်ကွင်းတွေကို ဖမ်းယူနိုင်မှာပါ။
Insta360 One X မှာ ဖိုင်တွေကူးဖို့အတွက် မြန်နှုန်းမြင့် 5.8GHz Wi-Fi ပါဝင်လာပြီး၊ HDR တွေလည်း ရိုက်ကူးနိုင်ပါတယ်။ Lightning/USB Type-C/micro-USB ကြိုးတွေ တပ်နိုင်ပြီး၊ ဖြုတ်တပ်နိုင်တဲ့ 1200mAh ဘက်ထရီလည်း ပါဝင်လာပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး၊ ဒေါ်လာ ၄၀၀ နဲ့ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref: Petapixel