လွန်ခဲ့တဲ့ တနှစ်က စမတ်ဖုန်းဈေးကွက်ထဲကို စတင်ဝင်ရောက်လာတဲ့ Razer ကုမ္ပဏီရဲ့ ဒုတိယမြောက် ဂိမ်းမင်းဖုန်း Razer Phone 2 ကတော့ တရားဝင်ထွက်ရှိလာပါပြီ။
ဒီဇိုင်းပိုင်း ပြောင်းလဲမှုကြီးကြီးမားမား မလုပ်ထားပေမယ့်၊ ပရိတ်သတ်တွေ တောင်းဆိုထားတဲ့ စွမ်းဆောင်ရည် အသစ်တွေကို ထည့်ပေးထားတဲ့ ဖုန်းတလုံးဖြစ်ပါတယ်။
Razer Phone 2 ရဲ့ အဓိက Feature အသစ်တွေကတော့ IP67 ရေစိုခံနိုင်စွမ်းရည်နဲ့၊ ကြိုးမဲ့အားသွင်းစနစ်တို့ ဖြစ်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ် ရဖို့အတွက် ဖုန်းကျောဘက် ကိုယ်ထည်ကလည်း မှန်သားနဲ့ ဖြစ်သွားပါတယ်။
Razer Phone 2 ကို ကြိုးမဲ့အားသွင်းဖို့အတွက် Chroma Lighting ပါ ကြိုးမဲ့အားသွင်း Stand တခုကိုလည်း ၉၉ ဒေါ်လာနဲ့ ထပ်ရောင်းပေးသွားဦးမှာဖြစ်ပါတယ်။
120Hz refresh rate ရှိတဲ့ 5.7-inch IGZO LCD Display ကိုမှ 2560 x 1440 qHD resolution နဲ့ ဆိုတော့ ပထမ Razer Phone နဲ့ အတူတူပါပဲ၊ ဒါပေမယ့် Display အလင်းတောက်ပမှု ပိုမိုကောင်းမွန်လာပြီး၊ 380 nits ကနေ 580 nits အထိ ရှိလာသလို၊ HDR ဖော်ပြနိုင်မှုလည်း ပိုကောင်းလာတယ်လို့ သိရပါတယ်။
Razer Phone 2 မှာ လက်ရှိအမြန်ဆုံးဖြစ်တဲ့ Snapdragon 845 Chipset ၊ 8GB RAM နဲ့ 64 GB Storage တို့ကို ထည့်သွင်းပေးထားပါတယ်။ Specifications ကတော့ သာမန် မော်ဒယ်မြင့် Android ဖုန်းတွေနဲ့ အတူတူပါပဲ။
ဒါပေမယ့် ဖုန်းအပူစွန့်ထုတ်ဖို့အတွက် ‘Vapor Chamber’ အအေးခံစနစ်အသစ် ပါဝင်လာတာ၊ ဂိမ်းထုတ်တဲ့စတူဒီယို တွေနဲ့ ပေါင်းပြီး ဂိမ်းတွေကို Razer Phone 2 မှာ ပိုကောင်းအောင် Optimize လုပ်ပေးမှာ၊ PUBG Mobile တို့လို မိတ်ဖက် ဂိမ်းတွေအတွက် သီးသန့် ဂိမ်းတွင်းပစ္စည်းတွေ ထုတ်ပေးဖို့ ရှိတာတွေကတော့ ဂိမ်းမင်းပရိတ်သတ်တွေ သဘောကျမယ့် အချက်တွေပါ။
ဒါ့အပြင် Razer ပရိတ်သတ်တွေ တောင်းဆိုခဲ့တဲ့အတိုင်း ဖုန်းအနောက်က Razer အမှတ်တံဆိပ်ကလည်း အရောင် ၁၆.၈ သန်းအထိ ဖော်ပြနိုင်တဲ့ Chroma Lighting စနစ်နဲ့ ဖြစ်သွားတာ တွေ့ရပါတယ်။ ဖုန်းမှာ Notifications ဝင်လာရင် Razer တံဆိပ်ကနေ မီးလင်းပြီး အသိပေးမှာပါ။ ဖုန်းရှေ့က Notification LED ကိုတော့ ဖြုတ်လိုက်တယ်လို့ သိရပါတယ်။
ပထမ Razer ဖုန်းတုန်းက လူကြိုက်များခဲ့တဲ့ ရှေ့ဘက်စပီကာတွေကိုလည်း Razer Phone 2 မှာ ဆက်လက်သုံးပေးထား ပြီး၊ Dolby Atmos စနစ်လည်း ပါဝင်လာပါတယ်။
ကင်မရာအတွက်လည်း OIS ပါတဲ့ Sony IMX ကင်မရာဆန်ဆာတွေကို ပြောင်းလဲအသုံးပြုထားပါတယ်။ 12MP ကျောကင်မရာနှစ်လုံးမှာ တလုံးက Wide-angel Lens ဖြစ်ပြီး၊ တလုံးက 2x Optical Zoom Lens ပါ။ ရှေ့ကင်မရာ ကတော့ 8MP တလုံးတည်းပဲ ဖြစ်ပါတယ်။
Android 8.1 Oreo စနစ်ကို Nova Launcher နဲ့ အသုံးပြုရမှာဖြစ်ပြီး၊ နောက်ဆုံး Android ဗားရှင်းဖြစ်တဲ့ Android 9 Pie ကိုလည်း စမ်းသပ်နေပါပြီ။ မကြာခင် OTA Update ကနေ ထုတ်ပေးသွားဖို့ ရှိပါတယ်။
Razer Phone 2 ကို ၇၉၉ ဒေါ်လာနဲ့ အမေရိကန်ပြည်ထောင်စုမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ ယနေ့ကစ Pre-Oder မှာယူနိုင်ပါပြီ။ တင်ပို့ရောင်းချမယ့်ရက်ကိုတော့ မကြေညာရသေးပါဘူး။