Samsung ဟာ ကမ္ဘာ့ပထမဆုံး ကျောကင်မရာလေးလုံး ပါဝင်တဲ့ Galaxy A9 (2018) စမတ်ဖုန်းကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ နည်းပညာအသစ်တွေကို Mid-range ဖုန်းတွေမှာ အရင်မိတ်ဆက် စမ်းသပ်နေတဲ့ Samsung ရဲ့ မဟာဗျူဟာအစီအစဉ်ထဲက ဖုန်းတလုံးလည်း ဖြစ်ပါတယ်။
Galaxy A9 (2018) ရဲ့ ကျောကင်မရာလေးလုံးမှာ တလုံးချင်းစီတိုင်းက မတူညီတဲ့ လုပ်ဆောင်ချက် ကိုယ်စီနဲ့ပါ။ ပထမဆုံး အဓိကကင်မရာက 24MP, f/1.7 Lens ဖြစ်ပြီး၊ ဒုတိယအလုံးက 8MP, f/2.4 မြင်ကွင်းကျယ် Ultra-wide 120-degree lens ဖြစ်ပါတယ်။
တတိယကင်မရာကတော့ 10MP, f/2,4 နဲ့ 2x Optical Zoom ရတဲ့ Telephoto Lens ဖြစ်ပြီး၊ နောက်ဆုံး စတုတ္ထကင်မရာကတော့ Depth-of-field အတွက် 5MP, f/2.2 Lens ဖြစ်ပါတယ်။
ကျောကင်မရာလေးလုံးပါဝင်တာလွဲရင် Galaxy A9 (2018) ရဲ့ ကျန်တဲ့ Specifications တွေကတော့ ပုံမှန် mid-range ဖုန်းတလုံးအတိုင်းပါပဲ။
Snapdragon 660 Chipset ၊ 6GB RAM ၊ 128GB Internal Storage ၊ 3,800mAh ဘက်ထရီ တို့ ပါဝင်ပြီး၊ 521GB အထိ ထပ်စိုက်နိုင်မယ့် microSD ကတ်အပေါက်လည်း ပါလာမှာ ဖြစ်ပါတယ်။ 3.5mm နားကြပ်ပေါက် ပါဝင်ပြီး၊ လက်ဗွေရာဆန်ဆာကိုတော့ ဖုန်းအနောက်ဘက်မှာ မြင်တွေ့ရမှာပါ။ ကျောဘက်ကိုယ်ထည်ကို 3D Curved Glass နဲ့ လုပ်ထားပါတယ်။
“ အရင်တုန်းက ထူးခြားဆန်းသစ်တဲ့ နည်းပညာအသစ်တွေကို Flagship မော်ဒယ်အမြင့်တွေမှာ အရင်ထည့်ပြီး၊ နောက်မှ mid-range တွေဆီ ပြောင်းထည့်ပေးခဲ့ပါတယ်။ ဒီနှစ်ကစပြီး ကျနော့်ရဲ့ ဗျူဟာကို ပြောင်းလဲလိုက် ပါပြီ။ နည်းပညာအသစ်တွေ၊ တီထွင်ဆန်းသစ်မှုတွေကို Mid-range တွေမှာ စတင်ယူဆောင်လာ ပေးတော့ မှာပါ” လို့ Samsung Mobile ရဲ့ CEO DJ Koh က CNBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Samsung Galaxy A9 အသစ်မှာ 1080 x 2220 pixels ရှိတဲ့ ၆.၃ လက်မအရွယ် Super AMOLED Display ကို အသုံးပြုပြီး၊ Notch မပါဝင်ပါဘူး။ ရှေ့ကင်မရာကတော့ 24MP တလုံးတည်းပါပဲ။
Samsung Galaxy A9 (2018) ကို ရှေ့လ အစောပိုင်းလောက်မှာ စတင်ပြီး၊ အပြည်ပြည်ဆိုင်ရာ ဈေးကွက် အတွင်း ရောင်းချသွားမယ်လို့ သိရပါတယ်။ အနက်၊ အပြာနဲ့ ပန်းရောင် ကာလာသုံးမျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး၊ ဈေးနှုန်းကတော့ အနည်းဆုံး ၇၂၉ ဒေါ်လာလောက် ပေးရဖွယ် ရှိပါတယ်။
Ref: The Verge, GSM Arena