ပြီးခဲ့တဲ့ စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ Facebook ဟက်ခံရမှုမှာ အသုံးပြုသူပေါင်း သန်း (၃၀) ရဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာတွေကို ဟက်ကာများ ရယူနိုင်ခဲ့ကြောင်း Facebook က သောကြာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ (၂၅) ရက်နေ့၊ မူလသတင်းထုတ်ပြန်ချက်မှာတုန်းက အကောင့် သန်း (၅၀) ရဲ့ အချက်အလက်တွေ ပါသွားခဲ့တယ်လို့ ဆိုခဲ့တာကြောင့်၊ သန်း (၂၀) လောက် ပိုနည်းသွားတာ တွေ့ရပါတယ်။
Facebook ဘလော့ဂ်ပို့စ်မှာ ဖော်ပြထားချက်အရ ဟက်ကာတွေဟာ အကောင့်ပေါင်း ၄၀၀,၀၀၀ ကို အရင် ထိန်းချုပ်မှု ရယူခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် အဆိုပါအကောင့်တွေရဲ့ Friend List ထဲက နောက်ထပ် Facebook အကောင့်ပေါင်း သန်း ၃၀ ရဲ့ Access Tokens တွေကို ရယူခဲ့တာ ဖြစ်ပါတယ်။
Access Tokens တွေဆိုတာ Facebook အသုံးပြုသူတွေအနေနဲ့ Password ပြန်ရိုက်စရာမလိုဘဲ App ကို ပြန်ဝင်အသုံးပြုနိုင်အောင် လုပ်ပေးထားတဲ့ Digital Keys တွေပါ။
ဟက်ခံခဲ့ရတဲ့ အကောင့်ပေါင်း သန်း ၃၀ မှာ၊ အကောင့်ပေါင်း ၁၄ သန်းလောက်ဟာ အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာတို့အပြင် ကျား/မ ၊ အသက်အရွယ်၊ လက်ရှိနေရပ်လိပ်စာ၊ အလုပ်အကိုင်၊ နောက်ဆုံး Check-in ဝင်ခဲ့တဲ့ နေရာ ၁၀ ခု၊ နောက်ဆုံး ရှာဖွေခဲ့တဲ့အရာ ၁၅ ခု စတဲ့ အရေးကြီးအချက်အလက်တော်တော်များများ ပါဝင်သွားခဲ့ပါတယ်။
နောက်ထပ် အကောင့် ၁၅ သန်းလောက်ကတော့ အမည်၊ ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာတို့ပဲ ပါဝင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကျန်အကောင့် ၁ သန်းရဲ့ အချက်အလက်တွေကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။
ယခုဟက်ခံရမှုမှာ ပါဝင်ခဲ့တဲ့ အကောင့် သန်း (၃၀) လုံးရဲ့ Access Tokens တွေကို ပြန်လည်ပြောင်းလဲပေးပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘယ်လိုသတင်းအချက်အလက်တွေ ပါသွားတယ်ဆိုတာကိုလည်း အဆိုပါအကောင့်ပိုင်ရှင်တဦးချင်းစီကို အကြောင်းကြားပေးလျက်ရှိပါတယ်။ တကယ်လို့ မိမိ Facebook အကောင့်လည်း ဟက်ခံရတဲ့အထဲမှာ ပါသွားလားဆိုတာ သိချင်ရင် ယခုစာမျက်နှာမှာ (https://www.facebook.com/help/securitynotice?ref=sec) မှာ စစ်ကြည့်နိုင်ပါတယ်။
Facebook ရဲ့ သတင်းထုတ်ပြန်ချက်အပြီးမှာတော့ အင်တာနက်ပေါ်မှာ ကုမ္ပဏီကို ဝေဖန်မှုတွေ မြင့်တက်လျက်ရှိပါတယ်။ ဘလော့ဂ်ပို့စ်မှာ Facebook ဘက်က တောင်းပန်စကား တခွန်းတလေမှ မပြောခဲ့တဲ့အပေါ် မကျေမချမ်းဖြစ်နေသူတွေ ရှိသလို၊ Mark Zuckerberg ကို ထုတ်ပစ်ဖို့ တောင်းဆိုနေသူတွေကိုလည်း မြင်တွေ့ရပါတယ်။
ဆက်စပ်သတင်းလင့်ခ်
- ဟက်ကာတိုက်ခိုက်မှုကြောင့် Facebook အကောင့် သန်း ၅၀ ကျော် ပါဝင်သွားခဲ့
- အကောင့် သန်း ၅၀ ရဲ့ ဒေတာအဖောက်ခံရမှုကြောင့် Facebook စတင်တရားစွဲဆိုခံရ
Ref: CNBC, Facebook