ယခုနှစ်အစောပိုင်းတုန်းက Facebook CEO Mark Zuckerberg ဟာ Messenger ကနေ ပို့ထားတဲ့ မက်ဆေ့အဟောင်း တွေကို လျှိုဝှက်စွာ ပြန်ဖျက်ခဲ့ကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သာမန် User တယောက်အနေနဲ့ Messenger မက်ဆေ့တွေကို ပြန်ဖျက်မယ်ဆိုရင် ကိုယ့်ဘက်မှာ ပျောက်သွားတာဖြစ်ပြီး၊ လက်ခံရရှိသူဘက်မှာတော့ ကျန်နေခဲ့မှာပါ။ ဒါပေမယ့် Mark Zuckerberg ကတော့ နှစ်ဖက်စလုံးမှာ မက်ဆေ့တွေ မရှိတော့အောင် ဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီသတင်းထွက်လာပြီးနောက်၊ ဧပြီလမှာတော့ Facebook ဟာ နှစ်ဖက်စလုံးက မက်ဆေ့တွေကို ပြန်ဖျက်နိုင်တဲ့ “Unsend” လုပ်ဆောင်ချက်ကို အသုံးပြုသူအားလုံးအတွက် ထုတ်ပေးသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အခုတော့ အဆိုပါ လုပ်ဆောင်ချက်ကို Messenger မှာ စတင်မြင်တွေ့နေရပြီ ဖြစ်ပါတယ်။
နည်းပညာသတင်းပေးတယောက်ဖြစ်တဲ့ Jane Manchun Wong ရဲ့ Twitter မှာ ဖော်ပြထားတဲ့ Screenshot တွေအရ Messenger မှာ ကိုယ်ပို့ထားတဲ့ မက်ဆေ့တခုကို ဖိထားလိုက်ရင် “Delete Message” ဆိုတာအပြင်၊ “Unsend Message” ဆိုတဲ့ လုပ်ဆောင်ချက်အသစ်တခု ပါဝင်လာတာကို တွေ့မြင်ရပါတယ်။
Gmail က “Undo Send” လုပ်ဆောင်ချက်လိုပဲ ပို့လိုက်တဲ့ မက်ဆေ့ကို အချိန်တခုအတွင်းမှာပဲ ပြန်ဖျက်လို့ ရမှာဖြစ်တယ်လို့ Wong က ဆိုပါတယ်။ Gmail “Undo Send” မှာ စက္ကန့် ၃၀ အတွင်း ပြန်ဖျက်လို့ရတာဖြစ်ပေမယ့်၊ Messenger မှာတော့ အချိန်ကန့်သတ်ချက် ဘယ်လောက်ဖြစ်မလဲ မသိရသေးပါဘူး။
“Facebook ဟာ လုပ်ဆောင်ချက်နဲ့ ထုတ်ကုန်အသစ်တွေကို အသုံးပြုရတာ အဆင်ပြေ၊ ချောမွေ့စေဖို့ အတွက် အားလုံးအတွက် မထုတ်ပေးခင်မှာ အရင်စမ်းသပ်လေ့ရှိပါတယ်” လို့ TechCrunch သတင်းဌာနကို ပြန်လည် ဖြေကြားခဲ့ပါတယ်။
ပေါက်ကရစကားတွေကို ပြောပြီးမှ ပြန်ဖျက်ချင်သူတွေ၊ ဒါမှမဟုတ် အတွင်းရေး၊ လျှိူဝှက်ချက်တွေကို မဆင်မခြင် ပြောမိတဲ့လူတွေအတွက် Unsend လုပ်ဆောင်ချက်ဟာ တကယ်ကို အသုံးဝင်တဲ့ လုပ်ဆောင်ချက်တခု ဖြစ်လာနိုင်ပါတယ်။
လက်ရှိမှာလည်း Messenger မှာ ကိုယ်ပြောတဲ့ မက်ဆေ့တွေကို တဖက်မှာ မှတ်တမ်းမကျန်ရစ်စေချင်ဘူးဆိုရင် “Secret Conversation” ကနေ အချိန်တခုအတွင်း အလိုအလျောက် ပျက်သွားမယ့် မက်ဆေ့တွေကို ပို့နိုင်ပါတယ်။
Ref: The Verge, TechCrunch