ကင်ဆာဆဲလ်တွေဟာ မူလနေရာကနေ အနီးနားက Lymph Nodes (ပြန်ရည်ကြောအကျိတ်) တွေကို ဆင့်ပွား ပျံ့နှံ့သွားပြီလားဆိုတာကို စစ်ဆေးအဖြေရှာရတာဟာ ရောဂါဗေဒဆရာဝန်တွေအတွက် ခက်ခဲ၊ ပင်ပန်းတဲ့ အလုပ်တခုဖြစ်ပါတယ်။
ယခုအခါမှာတော့ Google AI အဖွဲ့ဟာ ရောဂါဗေဒဆရာဝန်တွေရဲ့ ခက်ခဲတဲ့အလုပ်ကို ကူညီပေးမယ့် Artificial Intelligence ပရိုဂရမ်တခုကို အောင်မြင်စွာ ရေးဆွဲ၊ စမ်းသပ်နိုင်ခဲ့ပါပြီ။
Deep-learning အယ်ဂရစ်သမ်သုံး ပရိုဂရမ်တခုဖြစ်ပြီး၊ Lymph Node Assistant (LYNA) လို့ Google က နာမည်ပေးထားပါတယ်။ LYNA ဟာ ဆင့်ပွားကင်ဆာ (metastatic cancer) ဝေဒနာရှင်တွေရဲ့ တစ်သျှူးစတွေကနေ ကျူးမား (tumours) တွေရဲ့ ဝိသေသလက္ခဏာတွေကို ခွဲခြား၊ သိရှိနိုင်အောင် သင်ကြားထားတဲ့ ပရိုဂရမ်တခုဖြစ်ပါတယ်။
LYNA ကို စမ်းသပ်တဲ့အနေနဲ့ တစ်သျှူးစပါ ဖန်ချပ်ပြား (slide) တွေရဲ့ ဒီဂျစ်တယ်ပုံရိပ်တွေကို ကြည့်ခိုင်းပြီး၊ ဆင့်ပွားကင်ဆာ ရှိ၊ မရှိ အဖြေရှာခိုင်းရာမှ ၉၉ ရာခိုင်နှုန်းအထိ တိကျမှန်ကန်မှု ရှိတာကို တွေ့ရှိခဲ့ရပါတယ်။
ဒါ့အပြင် LYNA ဟာ Slide တခုချင်းစီက ကင်ဆာဆဲလ်တွေနဲ့ သံသယဖြစ်ဖွယ်အစိတ်အပိုင်းတွေကိုရဲ့ နေရာအတိအကျ ကိုလည်း ပြသနိုင်ခဲ့ပါတယ်။ တချို့အစိတ်အပိုင်းတွေဟာ လူသားဆရာဝန်တွေ မြင်တွေ့ဖို့ ခဲယဉ်းလောက်အောင် သေးငယ်တဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
ဒုတိယမြောက်စမ်းသပ်မှုမှာ ရောဂါဗေဒဆရာဝန်တွေကို LYNA အကူအညီယူထားတဲ့အခါနဲ့ မယူထားတဲ့အခါတွေမှာ နှိုင်းယှဉ် စစ်ဆေးကြည့်ခိုင်းရာမှာလည်း LYNA နဲ့ ရှာတာဟာ အလွန်သေးငယ်တဲ့ ကင်ဆာအစိတ်အပိုင်းတွေကိုပါ လွယ်လွယ်ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Slide တခုကို စစ်ဆေးရာမှာလည်း အချိန် ၂ ဆ ပိုမိုမြန်ဆန် လာတာကို တွေ့ရပါတယ်။
Google က သိပ္ပံပညာရှင်တွေကတော့ LYNA ပရိုဂရမ်ဟာ ပြစ်ချက်မရှိ ပြီးပြည့်စုံတဲ့ ပရိုဂရမ်တခုတော့ မဟုတ်သေးဘူးလို့ ပြောပါတယ်။ နောက်ထပ် စမ်းသပ်မှုတွေ လုပ်ဖို့ လိုသေးတာပါ။ ဒါပေမယ့် ဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာပညာရှင်တွေကို ကူညီပေးမယ့် AI နည်းပညာတခု အထောင်အထည်ဖော်ရာမှာတော့ အလားအလာကောင်းတွေကို မြင်တွေ့ခဲ့ရတဲ့ ပရိုဂရမ်တခုလို့ ဆိုနိုင်ပါတယ်။
AI နည်းပညာကို ကျန်းမာရေးနယ်ပယ်မှာ တွင်ကျယ်စွာ အသုံးချဖို့ လုပ်နေကြတဲ့အထဲမှာ Google ရဲ့ အခန်းကဏ္ဍကလည်း တော်တော်ကြီးပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကဆို Google ရဲ့ Medical Brain အဖွဲ့ဟာ လူနာသေဆုံးမှုနှုန်းကို ၉၀ ရာခိုင်နှုန်း ကြိုတင်ခန့်မှန်းနိုင်တဲ့ AI စနစ်တခုကို ရေးဆွဲပေးခဲ့ဖူးပါတယ်။
ဒါ့အပြင် မျက်ဝန်းဖတ်သားမှုတွေကနေ လူတယောက်ရဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို ကူညီအဖြေထုတ်ပေးနိုင်မယ့် Verily ဆိုတဲ့ AI စနစ်တခုကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။
Ref: Geek, Fortune