Rolls-Royce ကုမ္ပဏီဟာ ပင်လယ်ဖြတ် မောင်းသူမဲ့ကုန်တင်သင်္ဘောတွေအတွက် ကမ္ဘာသုံးစနစ်တခုကို ဖော်ဆောင် ရာမှာ Intel ရဲ့ Chips တွေကို အသုံးပြုသွားမှာဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
စက်မှုလုပ်ငန်းစုကုမ္ပဏီတခုဖြစ်တဲ့ Rolls-Royce ဟာ မောင်းသူမဲ့သင်္ဘောနည်းပညာကို ၂၀၁၀ ခုနှစ်၊ အစောပိုင်း ကတည်းက စတင်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ မနှစ်ကတော့ Rolls-Royce ဟာ သင်္ဘောအမှုထမ်း လုံးဝမပါတဲ့ ပထမဆုံးရေယာဉ်ကို ၂၀၂၅ ခုနှစ်မှာ စတင်ထုတ်လုပ်ဖို့ ရည်မှန်းထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အဆိုပါရည်မှန်းချက်ရဲ့ ပထမဆုံးခြေလှမ်းအဖြစ် အမှုထမ်းပါ သင်္ဘောတွေအတွက် Intelligent Awarness စနစ်တမျိုး ကိုလည်း ယခုနှစ်အစောပိုင်းမှာ စတင်မိတ်ဆက်နိုင်ခဲ့ပါတယ်။
Rolls-Royce ရဲ့ Intelligent Awareness စနစ်မှာ ကင်မရာကွန်ယက်တွေ၊ လေဆာထိုး LIDAR စနစ်နဲ့ ရေဒါစနစ်တွေ ပေါင်းစပ်ပါဝင်ပြီး၊ အားလုံးကို ပင်မပရိုဂရမ်တခုတည်းက ထိန်းချုပ်ကွပ်ကဲမှု လုပ်နိုင်တဲ့ စနစ်တခုဖြစ်ပါတယ်။ Machine Vision အယ်ဂရစ်သမ်တွေကို အသုံးပြုကာ သင်္ဘောအနီးတဝိုက်က အတားအဆီးတွေကို ရှာဖွေပြီး၊ သင်္ဘောပေါ်က အမှုထမ်းတွေကို အလိုအလျောက်သတိပေးချက်တွေ ပို့ပေးနိုင်ပါတယ်။
Intel နဲ့ ယခုသဘောတူညီချက်အသစ်အရ၊ Rolls-Royce ဟာ Intelligent Awareness ကွန်ယက်စနစ်ရဲ့ နေ့စဉ်ဒေတာပမာဏ 1TB ကို Intel 3D NAND Solid-State Drives တွေနဲ့ သိမ်းဆည်းမှု ပြုလုပ်သွားမှာဖြစ်ပါတယ်။ တွက်ချက်စွမ်းဆောင်ရည်အပိုင်း (Processing) အတွက်ကိုတော့ Intel Xeon Chips တွေ အသုံးပြုသွားဖို့ ရှိပါတယ်။
“ သင်္ဘောတစီးလုံးရဲ့ နားနဲ့ မျက်စိလို့ ပြောနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ အန္တရာယ်၊ အတားအဆီးတွေကို အချိန်နဲ့ တပြေးညီ အသေးစိတ် အသိပေးနိုင်မှာပါ” လို့ Rolls-Royce ရဲ့ Ship Intelligence ဒါရိုက်တာဖြစ်သူ Kevin Daffey က The Verge ကို ပြောပါတယ်။
Intelligent Awareness စနစ်ဟာ အနီးနားက သင်္ဘောတွေကိုလည်း အပျော်စီးသင်္ဘော၊ ခရီးသည်တင်သင်္ဘော၊ လောင်စာတင်သင်္ဘော စသဖြင့် အလိုအလျောက်အမျိုးအစားခွဲခြားမှု ပြုလုပ်နိုင်ပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေမှာ ကွန်ယက်စနစ်က ရရှိတဲ့ ဒေတာပေါင်းစုံကို စုစည်းတွက်ချက်ပြီး၊ မြင်ကွင်းပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်ပါတယ်။
အထူးသဖြင့် သင်္ဘောတွေ ကျောက်ချရပ်နားတဲ့အခါမျိုးလို ဘေးပတ်ဝန်းကျင်နဲ့ နီးကပ်သွားလာရတဲ့အခါမျိုးမှာ အသုံးဝင်တဲ့ စနစ်တခုပါ။ ပုံမှန်အတိုင်းဆို သင်္ဘောတဝိုက်မှာ အမှုထမ်းတွေကို စကားပြောစက်တွေနဲ့ ထားပြီး ထိခိုက်တိုက်မိမှုမရှိအောင် လုပ်ဆောင်ရလေ့ရှိပေမယ့်၊ Intelligent Awareness စနစ်နဲ့ဆိုရင် ဒီဂျစ်တယ်မြင်ကွင်းတွေကနေတဆင့် ကမ်းနဲ့ ဆက်သွယ်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
“ LIDAR စနစ်ပါတာကြောင့်၊ ဆိပ်ကမ်းနဲ့ သင်္ဘောနဲ့ ဘယ်လောက်အကွာအဝေးရှိတယ်ဆိုတာကအစ အချိန်နဲ့ တပြေးညီ အတိအကျ သိရှိနိုင်ပါတယ်။ တကယ်လို့ တခြားသင်္ဘောတစီး အနားကပ်လာတယ်ဆိုရင်၊ သတိပေးချက်ထွက်လာမှာပါ” လို့ Daffey က ပြောပါတယ်။
လက်ရှိမှာတော့ ယခုစနစ်ကို သင်္ဘောအနည်းအကျဉ်းမှာပဲ တပ်ဆင်စမ်းသပ်ထားပြီး၊ ပိုမိုရောင်းချတပ်ဆင်ပေးနေရပြီ ဖြစ်တယ်လို့ သိရပါတယ်။
သင်္ဘောတွေ အလိုအလျောက်မောင်းနှင်နိုင်ဖို့လုပ်ရာမှာ ပတ်ဝန်းကျင်အခြေအနေကို အတိအကျပုံဖော်သိရှိနိုင်ဖို့ ကလည်း အဓိကလိုအပ်ချက်တခု ဖြစ်ပါတယ်။ Rolls-Royce ရဲ့ Intelligent Awareness ကတော့ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် အခြေခံနည်းပညာတခုလို့ ဆိုနိုင်ပါတယ်။
Intel ကတော့ Intelligent Awareness စနစ်တွေရဲ့ လိုအပ်တဲ့ Hardwares တွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း ကုမ္ပဏီနှစ်ခု ပူးပေါင်းကာ မောင်းသူမဲ့သင်္ဘောတွေအတွက် နည်းပညာအသစ်တွေ၊ ထုတ်ကုန်အသစ် တွေ ဖန်တီးသွားမှာ ဖြစ်တယ်လို့ Daffey က ပြောကြားခဲ့ပါတယ်။
Ref: The Verge, Tech Crunch