Huawei ဟာ Mate 20 Pro စမတ်ဖုန်းမိတ်ဆက်ပွဲ မတိုင်ခင် နာရီပိုင်းအလိုမှာ Enjoy 9 Plus နဲ့ Enjoy Max ဆိုတဲ့ စမတ်ဖုန်း မော်ဒယ်အသစ်နှစ်မျိုးကို တရုတ်နိုင်ငံမှာ ယနေ့ မိတ်ဆက်လိုက်ပါတယ်။
ကြီးမားတဲ့ Display ၊ ကျောကင်မရာနှစ်လုံးနဲ့ ကျောဘက်လက်ဗွေရာဆန်ဆာ ပါဝင်တာခြင်း တူညီပေမယ့်၊ Enjoy 9 Plus နဲ့ Enjoy Max တို့ဟာ ဒီဇိုင်းပိုင်းကတော့ သိသိသာသာကွာခြားမှုရှိတဲ့ ဖုန်းတွေပါ။
Enjoy 9 Plus က ကြီးမားတဲ့ လေးထောင့်ပုံစံ Notch နဲ့ ရှေ့ကင်မရာနှစ်လုံး ပါဝင်တဲ့ဖုန်းဖြစ်ပြီး၊ Enjoy Max ကတော့ ရေစက်ပုံစံ သေးငယ်တဲ့ Notch နဲ့ ရှေ့ကင်မရာတလုံးတို့ပဲ ပါဝင်လာပါတယ်။ ဒါ့အပြင် Enjoy 9 Plus ရဲ့ ကျောကိုယ်ထည်က 3D အရောင်ပြေးဒီဇိုင်းနဲ့ ဖြစ်ပြီး၊ Enjoy Max ကတော့ သားရေပုံစံ ကျောဘက်ကိုယ်ထည်နဲ့ ဖြစ်ပါတယ်။
Huawei Enjoy 9 Plus
Enjoy 9 Plus မှာ Huawei ရဲ့ ကိုယ်ပိုင် Chipset ဖြစ်တဲ့ Kirin 710 ကို အသုံးပြုထားပြီး၊ 4GB နဲ့ 6GB RAM ၊ 64GB နဲ့ 128GB Storage နှစ်မျိုးနှစ်စား ရွေးချယ်နိုင်မှာပါ။ microSD ကတ်စိုက်နိုင်တဲ့ Slot ကိုလည်း သီးသန့် ထည့်သွင်း ပေးထားပြီး၊ 400GB အထိ ထပ်စိုက်နိုင်ဦးမှာ ဖြစ်ပါတယ်။
၆.၅ လက်မအရွယ် FullHD+ (1080×2340 pixels) ရုပ်ထွက်အရည်အသွေးရှိတဲ့ 19.5:9 Aspect Ration Display ကို အသုံးပြုထားပြီး၊ Android 8.1 Oreo စနစ်အခြေခံ EMUI 8.2 စနစ်နဲ့ အသုံးပြုနိုင်မှာပါ။
စုစုပေါင်းကင်မရာလေးလုံးပါရှိပြီး၊ ကျောဘက်ကင်မရာနှစ်လုံးက 16+2 Megapixel Sensors အတွဲ၊ ရှေ့ကင်မရာနှစ်လုံး က 13+2 Megapixel Sensors အတွဲနဲ့ ဖြစ်ပါတယ်။ Display ကြီးကြီးကို ကြာရှည်အသုံးပြုနိုင်ဖို့အတွက် 4,000mAh ဘက်ထရီကိုပါ ထည့်ပေးထားပါတယ်။
Enjoy 9 Plus ရဲ့ ဈေးနှုန်းကတော့ 4GB/64GB မော်ဒယ်ကို ၁,၄၉၉ ယွမ် (မြန်မာငွေ သုံးသိန်းခွဲဝန်းကျင်) နဲ့ 6GB/128GB မော်ဒယ်ကို ၁,၆၉၉ ယွမ် (မြန်မာငွေ လေးသိန်းဝန်းကျင်) ရှိပါတယ်။ Magic Night Black ၊ Sapphire Blue နဲ့ Aurora Violet ဆိုပြီး အရောင်သုံးမျိုး ထုတ်သွားမှာဖြစ်ပါတယ်။ Storage မော်ဒယ်နှစ်မျိုးကို အောက်တိုဘာလ ၂၀ ရက်နေ့နဲ့ အောက်တိုဘာ ၂၅ ရက်နေ့တို့မှာ အသီးသီး ရောင်းချသွားမှာပါ။
Huawei Enjoy Max
Enjoy Max ကတော့ အကြီးဆုံးဆိုတဲ့ Display ကို ကိုင်ချင်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ Tablet နီးပါး ကြီးမားတဲ့ ၇.၁၂ လက်မအရွယ် FullHD+ Display နဲ့ ဖြစ်ပြီး၊ Vivo V11 တို့လို ရေစက်ပုံစံ Display Notch သုံးထားတာ တွေ့ရပါတယ်။
Snapdragon 660 AIE Processor ၊ 4GB RAM ကိုမှ 64GB နဲ့ 128GB Storage မော်ဒယ်ကွဲနှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သီးသန့် microSD ကတ်အပေါက်လည်း ပါဝင်ပြီး၊ 256GB အထိ ထပ်စိုက်နိုင်မယ်လို့ သိရပါတယ်။ Enjoy 9 Plus ဖုန်းအတိုင်း Android 8.1 Oreo အခြေခံ EMUI 8.2 နဲ့ပဲ ဖြစ်ပါတယ်။
ကျောကင်မရာက 16+2 Megapixels Sensors နှစ်လုံးတွဲဖြစ်ကာ၊ ရှေ့ Selfie ကင်မရာကတော့ 8-megapixel တလုံးတည်းဖြစ်ပါတယ်။ Display ပိုကြီးတဲ့အလျောက် ဘက်ထရီကိုလည်း 5,000mAh ဘက်ထရီအထိ ခပ်ကြီးကြီး သုံးပေးထားပါတယ်။ အားအမြန်သွင်းစနစ်လည်း သုံးနိုင်ဦးမယ်လို့ ဆိုထားပါတယ်။
Enjoy Max ရဲ့ ဈေးနှုန်းကတော့ 64GB မော်ဒယ်ကို ၁,၆၉၉ ယွမ် (မြန်မာငွေ လေးသိန်းဝန်းကျင်) ရှိပြီး၊ 128GB မော်ဒယ်ကတော့ ၁,၉၉၉ ယွမ် ( မြန်မာငွေ လေးသိန်းခွဲကျော်) ရှိမှာပါ။ ဒီဖုန်းကိုတော့ အောက်တိုဘာ ၂၀ ရက်နဲ့၊ နိုဝင်ဘာ ၁ ရက်နေ့တို့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ အနက်၊ အဖြူ နဲ့ အညို ဆိုပြီး သုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။
Ref: Gadgets NDTV, BGR