၂၀၁၈ ခုနှစ်၊ ဒုတိယ ၃ လပတ်မှာ Apple ကို ကျော်ဖြတ်ပြီး၊ ကမ္ဘာ့ ဒုတိယမြောက်အကြီးဆုံ းစမတ်ဖုန်းကုမ္ပဏီအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ Huawei ဟာ Mate 20 စီးရီး စမတ်ဖုန်း အသစ်တွေကို အင်္ဂါနေ့ညက၊ လန်ဒန်မြို့မှာ မိတ်ဆက်သွားခဲ့ပါတယ်။
မော်ဒယ်မြင့် Flagship ဖုန်းတွေဖြစ်တဲ့ Mate 20 ၊ Mate 20 Pro ၊ Mate 20 X နဲ့ Porsche Design Mate 20 RS တို့ဟာ ၂၀၁၈ ခုနှစ်ရဲ့ ဆန်းသစ်မှုအရှိဆုံးနဲ့ စွမ်းဆောင်ရည် အစုံလင်ဆုံးဖုန်းတွေလို့ ပြောရင်လည်း မမှားပါဘူး။
Huaewi ဟာ ဖုန်းရောင်းချရမှု အရေအတွက်နဲ့ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်မှာ Apple ကို ကျော်ဖြတ်ခဲ့ပေမယ့်၊ ပရီမီယမ်ဖုန်း ဈေးကွက်မှာတော့ Apple ကို မကျော်နိုင်သေးပါဘူး။ Apple ဟာ ဒေါ်လာ ၄၀၀ အထက် ပရီမီယမ်ဖုန်း ဈေးကွက်မှာ ဈေးကွက်ဝေစု ၄၃ ရာခိုင်နှုန်းအထိ သိမ်းပိုက်ထားနိုင်ပြီး၊ Huawei ကတော့ ဈေးကွက်ဝေစု ၉ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။
အခု Mate 20 စီးရီးကတော့ ပရီမီယမ်ဖုန်းဈေးကွက်ကိုပါ သိမ်းပိုက်မယ့် Huawei ရဲ့ ခြေလှမ်းတရပ်လို့ ဆိုနိုင်ပါတယ်။
Huawei Mate 20 နဲ့ Mate 20 Pro
Mate 20 နဲ့ Mate 20 Pro တို့ဟာ ရှေ့နောက် ဖန်သားကိုယ်ထည်၊ သတ္တုဖရိန်တို့ကို လှပဆန်းသစ်တဲ့ အရောင်တွေနဲ့ ထုတ်လုပ်ထားတဲ့ ပရီမီယမ်ဖုန်းတွေ ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးရဲ့ အဓိကကွာခြားမှုကိုတော့ Display မှာ စတင်သတိပြုမိမှာပါ။ Mate 20 က ရေစက်ပုံစံ Notch ပါဝင်တဲ့ LCD Display နဲ့ ဖြစ်ပြီး၊ Mate 20 Pro က 3D Face Unlock အတွက် ဆန်ဆာတွေ ထည့်သွင်းထားတဲ့ လေးထောင့်ပုံစံ Notch ပါ OLED Display နဲ့ ဖြစ်ပါတယ်။
Mate 20 ရဲ့ Display က ၆.၅၃ လက်မ၊ 18.7:9 Aspect Ratio နဲ့ ဖြစ်ကာ၊ Mate 20 Pro ကတော့ ၆.၃၉ လက်မ၊ 19.5:9 Aspect Ratio နဲ့ ဖြစ်ပါတယ်။ Mate 20 Pro က QuadHD+ resolution အထိရှိပြီး၊ Mate 20 ကတော့ fullHD+ အထိပဲ ရှိပါတယ်။
Mate 20 နဲ့ Mate 20 Pro တို့ရဲ့ နောက်ထပ် အဓိကကွာခြားချက် တခုကတော့ လက်ဗွေရာဆန်ဆာပါ။ Mate 20 မှာ ရိုးရိုး ကျောဘက်လက်ဗွေရာဆန်ဆာကို အသုံးပြုထားပြီး၊ Mate 20 မှာတော့ နည်းပညာအသစ်ဖြစ်တဲ့ Under-display Fingerprint Sensor ကို သုံးပေးထားပါတယ်။
“ကမ္ဘာ့ပထမဆုံး 7nm Chipset” လို့ ကြွေးကြော်ထားတဲ့ Huawei ရဲ့ Kirin 980 with dual AI (NPU) Processors ကို ဖုန်းနှစ်ခုလုံးမှာ အသုံးပြုထားပြီး၊ AI လုပ်ဆောင်ချက် အမြောက်အများ ပါဝင်လာတဲ့ Chipset ဖြစ်ပါတယ်။ Mate 20 ကို 4GB နဲ့ 6GB RAM နှစ်မျိုး ရွေးချယ်နိုင်ကာ၊ Mate 20 Pro ကတော့ 6GB RAM ကနေ စမှာပါ။
Mate 20 မှာ 4,000mAh ဘက်ထရီပါဝင်လာပြီး၊ Mate 20 Pro ကတော့ 4,200mAh ဘက်ထရီနဲ့ပါ။ Huawei ရဲ့ Supercharge အားအမြန်သွင်းစနစ်နဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် Mate 20 Pro ရဲ့ Supercharge ကတော့ 40W အားနဲ့ ဖြစ်ပြီး၊ မိနစ်သုံးဆယ်အတွင်း အား ၇၀ ရာခိုင်နှုန်းအထိ သွင်းနိုင်မယ်လို့ ဆိုပါတယ်။
Huawei ရဲ့ အဆိုအရ iPhone X ထက် ကြိုးမဲ့အားသွင်းရာမှာ ၂၀၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်ပြီး၊ ကြိုးနဲ့ သွင်းမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်းအထိ ပိုမြန်မယ်လို့ သိရပါတယ်။
Huawei ဟာ Mate 20 Pro မှာ Features တွေ ပိုထည့်ပေးထားပြီး၊ အဓိက ပရီမီယမ်မော်ဒယ်အဖြစ် ရောင်းချသွားဖို့ ကြံစည်ထားတာပါ။ IP68 ရေစိုခံနိုင်စွမ်းရည်ကိုလည်း Mate 20 Pro မှာပဲ တွေ့ရမှာဖြစ်ပြီး၊ Mate 20 ကတော့ ရေဖိတ်စင်မှုလောက်ပဲ ခံနိုင်ရည်ရှိတဲ့ IP54 Rating နဲ့ ဖြစ်ပါတယ်။
Flagship ဖုန်းတော်တော်များများလိုပဲ 3.5mm နားကြပ်ပေါက်လည်း Mate 20 Pro မှာ ပါဝင်မှာမဟုတ်ပါဘူး။ Mate 20 နဲ့ Mate 20 X တို့မှာတော့ နားကြပ်ပေါက်ပါဝင်ပါတယ်။
Wireless Charging
Flagship ဖုန်းတွေရဲ့ မပါမဖြစ်လုပ်ဆောင်ချက်တခုဖြစ်တဲ့ ကြိုးမဲ့အားသွင်းစနစ်ကို Mate 20 နဲ့ Mate 20 Pro တို့မှာ အသုံးပြုနိုင်မှာပါ။ ကြိုးတပ်အားသွင်းရသလို မြန်ဆန်တဲ့ 15W Wireless Charging စနစ်နဲ့ ဖြစ်ပါတယ်။ Huawei ရဲ့ အမိုက်စားနည်းပညာအသစ်ဖြစ်တဲ့ reverse wireless charging စနစ်ကိုတော့ Mate 20 Pro မှာပဲ သုံးနိုင်မှာဖြစ်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ရတဲ့ တခြားဖုန်းတလုံးကို Mate 20 Pro နဲ့ ကပ်ပြီး အားပြန်သွင်းပေးနိုင်မယ့် စနစ်ပါ။
ကင်မရာ
တခြား Flagship ဖုန်းတွေနဲ့ ကွဲပြားမှုရှိအောင် ကင်မရာဒီဇိုင်းကို အလယ်တည့်တည့်မှာ လေးထောင့်ကွက်ပုံစံ ထည့်ပေးထားပါတယ်။ စုစုပေါင်း Leica ကျောကင်မရာသုံးလုံး ပါဝင်ပြီး၊ ကင်မရာ Specs တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ နှစ်ခုလုံး 24MP ကင်မရာတလုံးတည်းပါ။
နောက်ဆုံး Android စနစ်ဖြစ်တဲ့ Android 9 Pie ကို Huawei ရဲ့ EMUI 9 နဲ့ ထွက်လာမှာပါ။
Huawei Mate 20 X
Mate 20 X ကတော့ ဂိမ်းမင်းအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ၇.၂ လက်မအရွယ် OLED Display နဲ့ ဖြစ်ပါတယ်။ 5,000mAh ဘက်ထရီအထိ ပါဝင်ပြီး၊ M Pen လည်း Display မှာ အသုံးပြုနိုင်မှာပါ။ Kirin 980 နဲ့ပဲ ဖြစ်ပြီး၊ 6GB RAM နဲ့ 128GB Storage တို့အပြင်၊ စပီကာနှစ်လုံးပါ ပါဝင်လာမှာဖြစ်ပါတယ်။
Porsche Design Mate 20 RS
ထုံးစံအတိုင်း Porsche နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Mate 20 RS ကိုလည်း ထုတ်သွားဦးမှာပါ။ ဖန်သားကိုယ်ထည်အပြည့်ဒီဇိုင်းမဟုတ်တော့ဘဲ အလယ်မှာပဲ ဖန်သားကိုယ်ထည် အတန်းတခုပါပြီး၊ ဘေးမှာတော့ သားရေကို အသုံးပြုထားပါတယ်။
ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မည့်ရက်
Mate 20 နဲ့ Mate 20 Pro တို့ကို U.K နဲ့ EU နိုင်ငံတွေမှာ အောက်တိုဘာလ ၁၆ ရက်နေ့ကစတင်ပြီး ဝယ်ယူရရှိနိုင်မှာပါ။ Mate 20 က ဒေါ်လာ ၉၃၀ ကနေ စမှာဖြစ်ပြီး၊ Mate 20 Pro ကတော့ ဒေါ်လာ ၁,၁၂၀ လောက်ကနေ စရှိမှာဖြစ်ပါတယ်။ Mate 20 X ကတော့ ၁,၀၅၀ ဒေါ်လာပါ။
Ref: Huawei, The Verge