ရုံးခန်းဖွဲ့စည်းမှု နည်းပါးတဲ့ ဟင်းလင်းဖွင့် ရုံးခန်းတွေမှာ အလုပ်လုပ်ရတာဟာ လွတ်လပ်မှု နည်းပါးပြီး၊ အာရုံပျံ့လွင့်နိုင်ခြေလည်း များပါတယ်။
Open-plan office လို့ ခေါ်ကြတဲ့ ဟင်းလင်းဖွင့်ရုံးခန်းတွေရဲ့ အဆိုပါအားနည်းချက်တွေကို ဖြေရှင်းပေးနိုင်မယ့် ပစ္စည်းတမျိုးကို Panasonic နဲ့ ဂျပန်ဖက်ရှင်ဒီဇိုင်နာ Kunihiko Morinaga တို့ပူးပေါင်းထုတ်လုပ်သွားတော့မှာပါ။ Wear Space လို့ အမည်ပေးထားပြီး၊ မြင်းတွေမှာ ဘေးပတ်ဝန်းကျင် မမြင်ရအောင်တပ်တဲ့ မြင်းမျက်ကာ သားရေချပ်တွေနဲ့ ပုံစံတူပါတယ်။ လူမျက်ကာချပ်တွေလို့ ပြောရမှာပါ။
Wear Space ကို နူးညံ့ပျော့ပျောင်းတဲ့အသားနဲ့ ပြုလုပ်ထားပြီး၊ ဦးခေါင်းနောက်စေ့နေရာက မျက်လုံးအစွန်ဖျားထိ ပတ်ထားပေးမယ့် အချပ်ပြားတွေ ဖြစ်ပါတယ်။ ဝတ်ဆင်သူရဲ့ ဘေးဘက်အမြင်အာရုံကို ၆၀ ရာခိုင်နှုန်းအထိ ဖုံးအုပ်ပေးထားနိုင်မယ်လို့ Panasonic က ဆိုပါတယ်။
Wear Space အချပ်ပြားထဲမှာ ဘေးကဆူညံသံတွေကို လျော့ချပေးမယ့် noise-cancelling စနစ်ပါ Bluetooth နားကြပ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ သီချင်းနားထောင်ရင်း၊ ဘေးကို အာရုံမပျံံ့ပဲ အလုပ်ကို အာရုံစိုက်လုပ်နိုင်မှာပါ။ နားကြပ်ပါ သုံးမယ်ဆိုရင်တော့ USB ကနေ အားသွင်းရမှာဖြစ်ပြီး၊ တခါအားသွင်းပြီးရင် နာရီ ၂၀ အထိ ခံတယ်လို့ သိရပါတယ်။
Wear Space ကို ရှေ့ပြေးမော်ဒယ်အနေနဲ့ပဲ ယခုနှစ်အစောပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ SXSW ပွဲမှာ ပြသခဲ့တာဖြစ်ပြီး၊ တရားဝင် ထုတ်လုပ်ရောင်းချခြင်းတော့ မရှိသေးပါဘူး။
ဂျပန်ရန်ပုံငွေရှာဖွေရေးဝဘ်ဆိုဒ် GreenFunding မှာ ထုတ်လုပ်ရောင်းချဖို့အတွက် ရန်ပုံငွေရှာလျက်ရှိပါတယ်။ ဒေါ်လာ ၁၃၃,၀၀၀ ကျော် ရရှိထားပြီးဖြစ်ကာ၊ တခုကို ၂၅၀ ဒေါ်လာလောက်နဲ့ ရောင်းချသွားမယ်လို့ ခန့်မှန်းရပါတယ်။
Ref: The Verge, Curbed