တန်ဖိုးကြီးဇိမ်ခံဖုန်းတွေ ထုတ်လုပ်တဲ့ Vertu ကုမ္ပဏီဟာ စမတ်ဖုန်းအသစ်တမျိုးနဲ့ ဒေဝါလီခံနေရာကနေ ပြန်လည်ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
Aster P လို့ နာမည်ပေးထားတဲ့ စမတ်ဖုန်းအသစ်ကို ဘေဂျင်းမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Vertu ဖုန်းတွေ ထုံးစံအတိုင်း လက်နဲ့ အသေးစိတ်ထုတ်လုပ်ထားတဲ့ ဖုန်းဖြစ်ပြီး၊ လက်မှုအနုပညာနဲ့ အကောင်းဆုံးဆိုတဲ့ ကုန်ကြမ်းပစ္စည်းတွေကိုပဲ အသုံးပြုထုတ်လုပ်ထားတာပါ။ အနိမ့်ဆုံးဈေးကတော့ ဒေါ်လာ ၄၀၀၀ ( မြန်မာငွေကျပ် ၆၃ သိန်းကျော် ) ရှိပါတယ်။
Aster P စမတ်ဖုန်းရဲ့ ၄.၉ လက်မ အရွယ်ရှိတဲ့ Display ကို ၁၃၃-ကာရက် Sapphire Crystal Glass နဲ့ ပြုလုပ်ထားပြီး၊ ဖုန်းရဲ့ ဖရိန်တွေက အဆင့် ၅ အရည်အသွေးရှိ တိုက်တေနီယမ်အလွိုင်းနဲ့ ဖြစ်ပါတယ်။ ဖုန်းကျောဘက်ကိုယ်ထည်ကိုတော့ ဖွတ်၊ ပုတက်၊ မိကျောင်း သားရေအစစ်အမျိုးမျိုးနဲ့ အုပ်ပေးထားပါတယ်။
SIM နှစ်ကတ်ထည့်သုံးနိုင်တဲ့ ဖုန်းဖြစ်ပြီး၊ ထူးခြားချက်က ဖုန်းကျောဘက်က SIM ကတ်ထည့်တဲ့နေရာကို Mercedes SLS ကားတံခါးလို လှန်ဖွင့်နိုင်အောင် လုပ်ပေးထားတာ ဖြစ်ပါတယ်။ SIM ကတ်အဖုံးရဲ့ အောက်မှာ အဆိုပါဖုန်းကို လက်နဲ့ ထုတ်လုပ်ခဲ့သူရဲ့ လက်မှတ်ကိုလည်း တွေ့မြင်ရမှာပါ။
တခြား Vertu ဖုန်းတွေလိုပဲ ခရီးသွားဖို့ အစီအစဉ်ရေးဆွဲပေးခြင်း၊ စားသောက်ဆိုင်မှာ ဘွတ်ကင်တင်ခြင်း စတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို သီးသန့်ဝန်ဆောင်မှုပေးမယ့် ခလုတ်တခုကိုလည်း ဖုန်းဘေးဘက်မှာ ထည့်ပေးထား ပါတယ်။ အဆိုပါခလုတ်ကိုတော့ ပတ္တမြားနဲ့ ပြုလုပ်ထားပြီး၊ Vertu အမှတ်တံဆိပ်အတိုင်း V ပုံစံ လုပ်ပေးထားပါတယ်။
ဒီဇိုင်းဦးစားပေးဖုန်းဖြစ်တဲ့အတိုင်း အတွင်းပိုင်း Specs တွေကတော့ အမြင့်ဆုံးတွေမဟုတ်ဘဲ၊ Mid-range ဖုန်းလို့ ဆိုနိုင်ပါတယ်။ 4.97-inch FHD AMOLED Display ၊ Qualcomm ရဲ့ mid-range chipset Snapdragon 660 ၊ 6GB RAM နဲ့128GB Storage တို့ ပါဝင်ပါတယ်။
Selfie ကင်မရာက 20 MP ဖြစ်ပြီး၊ ကျောကင်မရာကတော့ 12MP ကင်မရာပါ။ 3,200mAh ဘက်ထရီပါဝင်ပြီး၊ Quick Charge 3.0 အသုံးပြုနိုင်ပါတယ်။
Android 8.1 Oreo စနစ်နဲ့ ဖြစ်ပြီး၊ ဖုန်းခေါ်ဆိုမှုနဲ့ မက်ဆေ့တွေကို လုံခြုံအောင် Encrypt ပြုလုပ်ပေးမယ့် V Talk နည်းပညာ ပါဝင်လာမှာပါ။ ဒါ့အပြင် တခြားလူလက်ထဲ ဖုန်းရောက်သွားတဲ့ အလိုအလျောက် Lock ပြုလုပ်ပေးမယ့် သီးသန့် လုံခြုံရေး App တခုလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
Aster P စမတ်ဖုန်းကို Baroque နဲ့ Gothic ဆိုပြီး အသွင်အပြင်ကွဲပြားတဲ့ စီးရီး ၂ မျိုးနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ Baroque စီးရီးမှာ Black ၊ Gentleman Blue ၊ Caramel Brown နဲ့ Twilight Orange ကာလာလေးမျိုး ရွေးချယ်နိုင်မှာဖြစ်ကာ၊ Gothic စီးရီးကိုတော့ Black Jade နဲ့ White Moon ဆိုပြီး နှစ်ရောင်ရရှိမှာဖြစ်ပါတယ်။
Baroque စီးရီးက ဒေါ်လာ ၄၂၀၀ ၊ Gothic စီးရီးကတော့ ဒေါ်လာ ၅၁၀၀ ပါ။ ဈေးအကြီးဆုံးကတော့ Vertu Aster P Dazzing Gold ရွှေရောင်မော်ဒယ်ဖြစ်ပြီး ဒေါ်လာ ၁၄,၁၂၀.၈၂ ( မြန်မာငွေ ကျပ် သိန်းနှစ်ရာနှစ့်ဆယ်ကျော်) တန်ဖိုး ရှိပါတယ်။
Vertu Aster P ဖုန်းမော်ဒယ်အားလုံးကို တရုတ်နိုင်ငံမှာပဲ ရောင်းချသွားမှာဖြစ်ပါတယ်။ လိုချင်သူတွေအနေနဲ့ Pre-Order မှာနိုင်ပါပြီ။
Ref: GSM Arena, Engadget