Google ဟာ ပထမဆုံးအကြိမ်အဖြစ် Play Store နဲ့ တခြား Google Apps တွေကို ဥရောပမှာ လိုင်စင်ကြေး စတင်ကောက်ခံတော့မှာ ဖြစ်ပါတယ်။
Android ဖုန်းထုတ်လုပ်တဲ့ OEM ကုမ္ပဏီတွေအတွက် ထုတ်ပေးထားတဲ့ Apps အသုံးပြုခွင့်ဆိုင်ရာသဘောတူညီချက်ကို MADA (Mobile Application Distribution Agreement) ကို ပြင်ဆင်မှုအချို့ ပြုလုပ်သွားဖို့ ရှိကြောင်း Google ရဲ့ တရားဝင် Blog စာမျက်နှာမှာ ရေးသားဖော်ပြထားတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဥရောပသမဂ္ဂ EU ဟာ Google ကို ဈေးကွက်မျှတစွာ ယှဉ်ပြိုင်ရေးစည်းကမ်းချက်တွေကို ချိုးဖောက်တယ်ဆိုပြီး ကန်ဒေါ်လာ ၅ ဘီလီယံ ဒဏ်ရိုက်ခဲ့ပြီးနောက်မှာ Google ဘက်က ပြောင်းလဲမှုတွေ လုပ်သွားတော့မှာ ဖြစ်ပါတယ်။
Google ဟာ အရင်က Android OS နဲ့ Android Apps တွေ အသုံးပြုခွင့်ကို ငွေကြေးကောက်ခံတာမျိုး မရှိခဲ့ပါဘူး။ ကုမ္ပဏီအတွက် အဓိကဝင်ငွေကို Chrome နဲ့ ရှာဖွေမှု ရလဒ်တွေကနေပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ Android Core OS နဲ့ Apps တွေကို တပိုင်းစီ ခွဲလိုက်ပြီး၊ အဓိက Android OS ကတော့ မူရင်းအတိုင်း အခမဲ့ Open-source အနေနဲ့ပဲ ရှိနေမှာ ဖြစ်ပါတယ်။
ဘယ်သူမဆို Google ရဲ့ စွက်ဖက်မှု မပါဝင်ဘဲ Android OS ကို စိတ်ကြိုက် စီမံဖြန့်ဖြူးနိုင်ပါတယ်။ ဒါပေမယ့် ဥရောပမှာ ဈေးကွက်တင်ရောင်းချမယ့် Android ဖုန်းတလုံး ထုတ်တဲ့အခါ Play Store ၊ Google Maps ၊ Gmail နဲ့ တခြား Google Apps တွေကိုပါ ထည့်သွင်းချင်တယ်ဆိုရင်တော့ ကုမ္ပဏီတွေအနေနဲ့ ဝန်ဆောင်ခပေးရဖို့ ရှိပါတယ်။ ခွဲခြားပြောရမယ်ဆိုရင် အပိုင်း ၃ ပိုင်း ရှိပါတယ်။
– Android Open Source Project (AOSP) လို့ သိကြတဲ့ Android စနစ်ကတော့ အခမဲ့ ဖြစ်ပါတယ်။
– Play Store နဲ့ Gmail, Google Maps, YouTube စတဲ့ Google Apps တွေကိုတော့ Bundle အနေနဲ့ တပေါင်းတစည်း အသုံးပြုခပေးရမှာပါ။
– Chrome နဲ့ Google Search app ကိုလည်း နောက်ထပ် bundle တခုအနေနဲ့ အထက်ပါ Apps အသုံးပြုခ သဘောတူညီချက်မှာ လိုချင်ရင် အခမဲ့ ထည့်ပေးမှာ ဖြစ်ပါတယ်။ မထည့်ချင်လည်း ရပါတယ်။
Google အနေနဲ့ လိုင်စင်ကြေး ဘယ်လောက်ကောက်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ သေချာတာကတော့ Android ဖုန်း ထုတ်လုပ်သူတွေအနေနဲ့ Google ဝန်ဆောင်မှုတွေ လိုချင်ရင်၊ ထည့်ပေးချင်ရင် ပိုက်ဆံပေးရတော့မှာ ဖြစ်ပါတယ်။
ဖုန်းထုတ်လုပ်သူ ကုမ္ပဏီတွေအနေနဲ့ ရွေးချယ်စရာ ၃ ခု ရှိသွားပါလိမ့်မယ်။ တချက်က Play Store နဲ့ Google Apps တွေ မပါတဲ့ Android ဖုန်း ထုတ်နိုင်ပါတယ်။ ဒါမှမဟုတ် အသုံးပြုခပေးပြီး၊ Play Store ရယ်၊ Chrome နဲ့ Search မပါတဲ့ Google Apps တွေနဲ့ ထုတ်နိုင်ပါတယ်။ နောက်ဆုံးရွေးချယ်မှုကတော့ Play Store ကော Apps အကုန်လုံး သုံးပြီး ထုတ်နိုင်မှာပါ။
ဒီပြောင်းလဲမှုဟာ Google ဘက်က ငွေရပေါက်လို့ ထင်စရာရှိပေမယ့် တကယ်တမ်းတော့ Google အတွက် ဝင်ငွေအများကြီး ဆုံးရှုံးမယ့် နစ်နာမှုလို့ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ Google ရဲ့ အဓိကဝင်ငွေက Chrome နဲ့ Search တို့က ရနေတာဖြစ်တာကြောင့်ပါ။ Chrome နဲ့ Search တို့ မပါဘဲ ထုတ်တဲ့ Android ဖုန်းတွေမှာ ပြိုင်ဘက် Browser နဲ့ Search Engines တွေက ဝင်ရောက်နေရာယူခွင့် ရလာနိုင်ပါတယ်။
အရင်က Android ဖုန်းကုမ္ပဏီတွေအနေနဲ့ Play Store ပါဝင်တဲ့ ဖုန်းထုတ်တော့မယ်ဆိုရင်၊ တခြား Google Apps တွေကိုပါ မဖြစ်မနေ တပါတည်း ထည့်ပေးခဲ့ရပါတယ်။ အခုတော့ Play Store ပါပေမယ့်၊ Search တို့ Chrome တို့ မပါတဲ့ Android ဖုန်းတွေကို ထုတ်နိုင်မှာဖြစ်ပါတယ်။
Ref: The Verge, Tech Crunch, Ars Technica