Huawei ဟာ ခေါက်ချိုးအသုံးပြုနိုင်တဲ့ 5G စမတ်ဖုန်းတွေကို ၂၀၁၉ ခုနှစ်မှာ ထုတ်လုပ်ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်က ပြုလုပ်ခဲ့တဲ့ Mate 20 နဲ့ Mate 20 Pro စမတ်ဖုန်းမိတ်ဆက်ပွဲမှာ Huawei ရဲ့ CEO Richard Ru ကိုယ်တိုင်က Digital Trends သတင်းမီဒီယာကို အတည်ပြုပြောကြားသွားခဲ့တာပါ။
“ခေါက်ချိုးသုံးလို့ရတဲ့ (Foldable) ဖုန်းတွေကို ထုတ်ဖို့ ကျနော်တို့ လုပ်နေပါတယ်။ Foldable 5G ဖုန်းတွေပေါ့” လို့ Yu က ပြောကြားခဲ့ပါတယ်။ ခေါက်ချိုးသုံးလို့ရမယ့် ဖုန်းတမျိုးကို Samsung က မိတ်ဆက်တော့မယ်ဆိုတဲ့ သတင်းတွေထွက်နေတာ တော်တော်ကြာခဲ့ပါပြီ။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်မှာတော့ Huawei ဟာ ခေါက်ချိုးနိုင်တဲ့ဖုန်းကို ပြိုင်ဘက် Samsung ထက်အရင်ရှေ့နှစ်ထဲ မိတ်ဆက်မယ်ဆိုတဲ့ ကောလာဟလတွေ စတင်ထွက်ပေါ်ခဲ့ပါတယ်။ ယခုမှာတော့ Huawei ရဲ့ CEO ကိုယ်တိုင် ဒီသတင်းကို အတည်ပြုပြောကြားခဲ့တာဖြစ်ပြီး၊ 5G ဖုန်းတွေ ဖြစ်မယ်လို့လည်း ထပ်လောင်း အသိပေးလိုက်တာ ဖြစ်ပါတယ်။
Huawei ဟာ 5G ကွန်ရက်အတွက် 3GPP က ထုတ်ပြန်ထားတဲ့ 5G NR စံနှုန်းအသစ် အသုံးပြုနိုင်မယ့် Balong5G01 အမည်ရ ကိုယ်ပိုင် Chipset တခုကို ထုတ်လုပ်ဖို့လည်း လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် 5G စက်ပစ္စည်းတွေ ထုတ်ဖို့အတွက် ကန်ဒေါ်လာ သန်း ၆၀၀ အထိ ရင်းနှီးမြှုပ်နှံထားပြီးလည်း ဖြစ်ပါတယ်။
ခေါက်ချိုး အသုံးပြုနိုင်တဲ့ဖုန်းမျိုး ထုတ်ဖို့ အိုင်ဒီယာထွက်ပေါ်ခဲ့တာ နှစ်အတော်ကြာမြင့်ခဲ့ပေမယ့် နည်းပညာဆိုင်ရာ အခက်အခဲတွေကြောင့် အခုအချိန်ထိဘယ်ကုမ္ပဏီမှ ဈေးကွက်ဝင် မထုတ်နိုင်သေးပါဘူး။ Samsung Galaxy Round ၊LG G Flex တို့လို screen အနည်းငယ်ကွေးထားတဲ့ ဖုန်းမျိုးလောက်ပဲ မြင်တွေ့ရပါသေးတယ်။ ဒါပေမယ့် ရှေ့နှစ်၂၀၁၉ ခုနှစ်ကတော့ Foldable ဖုန်းတွေကို အမှန်တကယ်မြင်တွေ့ရမယ့် ခုနှစ်ဖြစ်လာနိုင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
ပထမဆုံး Galaxy ခေါက်ဖုန်းကို ယခုနှစ်အတွင်း မြင်တွေ့ရဖို့ရှိကြောင်း Samsung အတည်ပြု
စမတ်ဖုန်း ဈေးကွက်ကို တဆစ်ချိုး ပြောင်းလဲပစ်နိုင်တဲ့ ကိုယ်ထည်ပျော့ Foldable ဖုန်းများ
Samsung ထက်အရင် ခေါက်ချိုးဖုန်းထုတ်ဖို့ ကြိုးစားနေတဲ့ Huawei
ကမ္ဘာ့ပထမဆုံး “ခေါက်ချိုး အသုံးပြုနိုင်တဲ့ဖုန်း” မိတ်ဆက်နိုင်ဖွယ်ရှိတဲ့ Samsung
Ref: The Verge, Engadget