IT

“လအတု” လွှင့်တင်ပြီး ညအလင်းပေးမယ့် တရုတ်နိုင်ငံ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ပထမဆုံး လူလုပ် “လ” တစင်းကို ၂၀၂၀ ခုနှစ်မှာ လွှင့်တင်နိုင်ဖို့ ရှိကြောင်း တရုတ်အစိုးရပိုင် People’s Daily သတင်းစာမှာ ဖော်ပြပါရှိလာပါတယ်။

တရုတ်သိပ္ပံပညာရှင်တွေဟာ Chengdu မြို့ပေါ်၊ ကမ္ဘာပတ်လမ်းကြောင်းအတွင်း လအတုကို လွှင့်တင်နိုင်ဖို့ ပြင်ဆင်လျက်ရှိတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ၊ Sichuan ပြည်နယ်၊ Xichang ဂြိုလ်တုလွှင့်တင်ရေးစင်တာကနေ လွှင့်တင်သွားမှာပါ။

အဆိုပါ လအတုကို ညဘက် အလင်းရောင်ပေးဖို့ အသုံးချသွားမှာဖြစ်ပြီး၊ နေရောင်ခြည်အလင်းတန်းကို အလင်းပြန်ပေးနိုင်မယ့် အလွှာတခု ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ လအစစ်ထက် ၈ ဆ ပိုမိုတောက်ပမှုရှိမယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

Chengdu မြို့ပေါ်က လအတုကို ကမ္ဘာမြေပြင်ထက် မိုင်ပေါင်း ၃၁၀ လောက်ကနေ လှည့်ပတ်နေဖို့ ပတ်လမ်းကြောင်း လျာထားပါတယ်။ နိုင်ငံတကာ အာကာသအခြေစိုက်စခန်း ISS နဲ့ ပတ်လမ်းကြောင်းအမြင့်ပေ အတူတူလောက်ပါပဲ။ လအစစ်နဲ့ ကမ္ဘာရဲ့ အကွာအဝေးကတော့ မိုင်ပေါင်း ၂၃၉,၀၀၀ ရှိပါတယ်။

ကျနော်တို့မြင်နေကျ လထက် ပိုမိုတောက်ပမှာကြောင့် Chengdu က ညဘက်မီးတိုင်တချို့ကို အစားထိုးပေးနိုင်မှာဖြစ်ကြောင်း Tain Fu New Area Science Society ရဲ့ အကြီးအကဲဖြစ်သူ Wu Chunfeng က China Daily ကို ပြောပါတယ်။ ညကောင်းကင်တခုလုံး လင်းထိန်နေမှာတော့ မဟုတ်ပေမယ့်၊ ညအလင်းပေးဖို့အတွက် စွမ်းအင်အသုံးပြုမှုကိုတော့ ချွေတာပေးနိုင်ပါလိမ့်မယ်။

လအတုရဲ့ အလင်းတောက်ပမှုကို ချိန်ညှိနိုင်မှာဖြစ်ကာ၊ အလိုရှိရာနေရာကိုလည်း ချိန်ထိုးနိုင်မှာဖြစ်ပါတယ်။ မီးမှောင်ကျနေချိန်မှာ ဘေးအန္တရာယ်ဖြစ်ပွားရာဇုန်တွေကို အလင်းထိုးပေးနိုင်မှာပါ။
တရုတ်က လွှင့်တင်မယ့် လအတုရဲ့ အရွယ်အစား၊ အမြင့်ပေ၊ တောက်ပမှုနှုန်း အတိအကျတို့ကိုတော့ မသိရသေးပါဘူး။

ယခုလအတု လွှင့်တင်မှု အောင်မြင်ခဲ့မယ်ဆိုရင် နောက်ထပ် “လအတု” ၃ ခုကို ၂၀၂၂ ခုနှစ်အတွင်းမှာ ထပ်မံလွှင့်တင်သွားဖို့ ရှိတယ်လို့ Wu က ဆိုပါတယ်။

လအတုဟာ Chengdu မြို့ရဲ့ ၃၁ စတုရန်းမိုင်လောက်ကိုသာ ကောင်းကောင်းအလင်းပေးနိုင်မယ်ဆိုရင်၊ တနှစ်ကို လျှပ်စစ်စွမ်းအင်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁၇၄ သန်းနီးပါး ချွေတာပေးနိုင်မယ်လို့ Wu က ခန့်မှန်းပြောကြားခဲ့ပါတယ်။

Ref: CBS News, BBC

Did you find apk for android? You can find new Free Android Games and apps.
Loading