Essential ဖုန်းကစလို့၊ iPhone X ကနေ အခုနောက်ထွက်သမျှ ဖုန်းတော်တော်များများမှာ Notch ပါဝင်တဲ့ Display တွေကို အသုံးပြုလာကြပါတယ်။ လေးထောင့်ပုံစံ Notch တွေကနေ ရေစက်ပုံစံ Notch တွေ ထွက်ပေါ်လာတာကိုလည်း မြင်တွေ့နေရပါပြီ။ Notch မသုံးသေးတာဆိုလို့ Sony နဲ့ Samsung တို့လောက်ပဲ ကျန်ပါတော့တယ်။
ယခုထွက်ပေါ်လာတဲ့သတင်းအရဆိုရင်တော့ Samsung ဟာ Notch ကို နောက်စမတ်ဖုန်းတွေမှာလည်း လုံးဝအသုံးပြု မှာမဟုတ်ဘဲ၊ Display အောက် ဆန်ဆာထားရှိတဲ့နည်းပညာကိုပဲ အသုံးပြုသွားဖွယ် ရှိပါတယ်။ Display အောက်မှာ လက်ဗွေရာဆန်ဆာထားရှိတဲ့နည်းပညာလည်း ကောင်းကောင်းရှိနေပြီဖြစ်တာကြောင့် Display အောက်မှာ ကင်မရာဆန်ဆာထားဖို့ကလည်း သိပ်တော့ ခက်ခဲဖို့ မရှိပါဘူး။
၂၀၁၈ ခုနှစ် Samsung OLED ဖိုရမ်မှာ ပြသသွားချက်အရ Samsung ဟာ Notch ရေစီးကြောင်းကို အဆုံးသတ်ပစ်နိုင်မယ့် OLED နည်းပညာတွေကို အကောင်အထည်ဖော်နေပြီ ဖြစ်တာကို တွေ့မြင်ရပါတယ်။
Samsung Display ဌာနဟာ OLED Display နဲ့တင် အသံထုတ်နိုင်မယ့် Sound on Display (SoD) နည်းပညာ၊ Touch ကို ထိတွေ့ခံစားနိုင်မယ့် Haptic on Display (HoD) နည်းပညာ၊ Display လက်ဗွေရာစနစ် Fingerprint on Display (FoD) နည်းပညာနဲ့ Under Panel Sensor (UPS) လို့ ခေါ်တဲ့ နည်းပညာတွေကို စမ်းသပ်အကောင်အထည် ဖော်နေတယ်လို့ သိရပါတယ်။
အထက်ပါနည်းပညာတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ UPS နည်းပညာပါ။ ကင်မရာနဲ့ တခြား အမြင်ပိုင်းဆိုင်ရာဆန်ဆာအမျိုးမျိုးကို Display အောက်မှာ ထားရှိနိုင်မယ့် နည်းပညာသစ်တခုဖြစ်ပါတယ်။
UPS နည်းပညာနဲ့ Display အောက်မှာ ကင်မရာဆန်ဆာထားမယ်ဆိုရင် ကင်မရာကို အသုံးပြုလိုတဲ့အခါ Display က အလင်းဖောက်နိုင်တဲ့ အကြည် Transparent Display ပုံစံဖြစ်သွားပြီး၊ ကင်မရာမသုံးရင် ပုံမှန် Display အတိုင်း ရုပ်ပုံတွေ ဖော်ပြနိုင်မယ့် နည်းပညာလို့ ယူဆရပါတယ်။
OLED Display တွေရဲ့ Pixel တခုချင်းကို ထိန်းချုပ်နိုင်တဲ့ အားသာချက်ကို အသုံးပြုသွားမယ်လို့ ခန့်မှန်းရပါတယ်။ ဘယ်လိုအလုပ်လုပ်မလဲဆိုတာတော့ သေချာမသိရသေးပါဘူး။
လက်ရှိအချိန်မှာ ယခု UPS နည်းပညာဟာ စမ်းသပ်အကောင်အထည်ဖော်ဆဲဖြစ်တာကြောင့် လာမယ့် လအနည်းငယ် အတွင်း မိတ်ဆက်မယ့် Galaxy S10 ဖုန်းမှာတော့ ပါဝင်လာနိုင်ဦးမှာမဟုတ်ပါဘူး။ UPS နည်းပညာဟာ Notch တွေကို နိဂုံးချုပ်ပေးနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။
Ref: GSM Arena, XDA Developers