အခုနောက်ပိုင်းထွက်ရှိလာတဲ့ စမတ်ဖုန်းတွေဟာ ကွန်ပျူတာတလုံးနီးပါး ဒေတာသိမ်းဆည်းနိုင်တဲ့ Storage တွေ ပါရှိလာကြပါတယ်။ Huawei ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Mate 20 စမတ်ဖုန်းတွေမှာ 128GB ကနေ 256GB Storage အထိ ပါဝင်လာသလို၊ နည်းပညာသစ် Nano Memory ကတ်နဲ့လည်း နောက်ထပ် 256GB ထပ်စိုက်သုံးနိုင်ပါသေးတယ်။
ဒါပေမယ့် ဒေတာအများအပြား သိမ်းဆည်းအသုံးပြုသူတယောက်အတွက် ဘယ်လောက် Storage ဖြစ်ဖြစ် လောက်မှာမဟုတ်ပါဘူး။ ဒီအတွက် Huawei ဟာ Mate 20 စမတ်ဖုန်းတွေအတွက် အထူးထုတ်လုပ်ပေးထားတဲ့ 1TB Mobile Hard Drive တမျိုးကို ထုတ်လုပ်ပေးလိုက်ပါပြီ။ ဖုန်းကိုပါ တခါတည်းအားသွင်းပေးနိုင်မယ့် Hard Drive တမျိုး ဖြစ်ပါတယ်။
အဝိုင်းပုံစံကိုယ်ထည်ကို၊ အပေါ်က ချည်သားအုပ်ထားတဲ့ ဒီဇိုင်းနဲ့ ဖြစ်ပြီး၊ ရေစက်ဖိတ်စင်မှု၊ ရေမှောက်ကျမှုတွေကို ခံနိုင်ရည်ရှိတဲ့ 1TB Storage ပါ Hard Drive ဖြစ်ပါတယ်။
အဓိကလုပ်ဆောင်ချက်တခုကတော့ “Charge is backup” ပါ။ ဘာ App မှ သွင်းစရာမလိုဘဲ၊ ဖုန်းကို ကြိုးနဲ့ ချိတ်ဆက်အားသွင်းလိုက်တာနဲ့ ဖုန်းအတွင်းက ဓာတ်ပုံ၊ ဆော့ဖ်ဝဲနဲ့ တခြားဒေတာတွေကို အလိုအလျောက် Backup လုပ် ကူးထားပေးမှာပါ။
USB-C Port ပါဝင်ပြီး၊ ရိုးရိုး 5V/2A Charger တွေနဲ့ အလုပ်လုပ်သလို၊ Huawei ရဲ့ 9V2A နဲ့ 5V4.5A အားအမြန်သွင်း Charger တွေနဲ့လည်း သုံးနိုင်ပါတယ်။ 40W အား SuperCharge နည်းပညာအသစ်တော့ သုံးလို့ ရမှာမဟုတ်ပါဘူး။
“ST310-S1” မော်ဒယ်နဲ့ Huawei Hard Drive ကို လောလောဆည် Mate 20 စီးရီးဖုန်းတွေမှာပဲ သုံးလို့ရဦးမှာပါ။ တခြား Huawei ဖုန်းတွေမှာလည်း သုံးလို့ရအောင် လုပ်ပေးသွားဖို့ ရှိပါတယ်။
Vmall ဝဘ်ဆိုဒ်ကနေ အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ရောင်းချသွားမှာဖြစ်ပြီး၊ ဝယ်ယူချင်သူတွေအနေနဲ့ ၈ ယွမ်ပေးကာ ကြိုတင်မှာထားနိုင်ပါတယ်။ ပထမဦးဆုံးအသုတ်ရောင်းချတဲ့အခါမှာ ယွမ်ငွေ ၁၀၀ လျော့ဈေးလည်း ရရှိသွားမှာပါ။ တကယ့်ဈေးနှုန်းကိုတော့ မကြေညာရသေးပါဘူး။
ဖုန်းနဲ့ ဓာတ်ပုံအများအပြားရိုက်တတ်ပြီး၊ ဓာတ်ပုံတွေကို Local Drive တခုထဲမှာ သိမ်းဆည်းထားချင်သူတွေအတွက် အဆင်ပြေမယ့် Hard Drive ဖြစ်ပါတယ်။
ဒေတာအပြောင်းအရွှေ့အတွက်လည်း ခက်ခက်ခဲခဲ လုပ်စရာမလိုဘဲ အားသွင်းရင်းနဲ့တင် အလိုအလျောက်ဒေတာ သိမ်းဆည်း Backup လုပ်နိုင်တာကတော့ အားလုံးအကြိုက်တွေ့မယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။
Ref: GSM Arena, Gizchina