AI နဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတချပ်ကို ဒေါ်လာ ၄ သိန်းကျော်ဖြင့် ရောင်းချ
Artificial Intelligence နည်းပညာနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတချပ်ကို Christie’s လေလံရုံကနေ ၄၃၂,၅၀၀ ဒေါ်လာနဲ့ ရောင်းချနိုင်လိုက်ပြီဖြစ်ပါတယ်။
သက်တမ်း ၂၅၂ နှစ်ရှိပြီဖြစ်တဲ့ Christie’s လေလံရုံ သမိုင်းတလျှောက်မှာ AI အနုပညာလက်ရာတခုကို ပထမဆုံးအကြိမ် လေလံတင်ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။
Portrait of Edmond Belamy လို့ အမည်ပေးထားတဲ့ ပန်းချီကားကို Artificial Intelligence နည်းပညာသုံး အယ်ဂရစ်သမ်တွေနဲ့ ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒေါ်လာ ၇,၀၀၀ ကနေ ဒေါ်လာ ၁၀,၀၀၀ ကြားပဲ ရမယ်လို့ ခန့်မှန်းခဲ့ပေမယ့် ဒေါ်လာ ၄ သိန်းကျော်အထိ ရရှိခဲ့တာပါ။
အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ လူကြီးလူကောင်းတယောက်ပုံ Edmond de Belamy ပန်းချီကားဟာ ရုတ်တရက် ကြည့်ရင် ၁၈ ရာစု နဲ့ ၁၉ ရာစုလက်ရာ ပန်းချီကားတချပ်လိုပါပဲ။ ဒါပေမယ့် အနီးကပ်ကြည့်မယ်ဆိုရင်တော့ မျက်နှာက ဝိုးတိုးဝါးတားဖြစ်နေပြီး၊ အဆုံးမသတ်ရသေးတဲ့ ပန်းချီကားတချပ်လို့ ထင်မိလောက်ပါတယ်။
ပန်းချီကားရဲ့ ညာဘက်အောက်ထောင့်မှာတော့ ပန်းချီဆရာရဲ့ လက်မှတ်အစား၊ သင်္ချာဖော်မြူလာတခုကို ထည့်ထားတာ တွေ့ရမှာပါ။
ဒီ AI ပန်းချီကားကို အသက် ၂၅ နှစ်အရွယ် ပြင်သစ်ကျောင်းသားသုံးဦး စုပေါင်းဖွဲ့စည်းထားတဲ့ Obvious အဖွဲ့က GAN (Generative Adversarial Network) လို့ ခေါ်တဲ့ Machine Learning အယ်ဂရမ်သစ်တခု အသုံးပြုပြီး ဖန်တီးထား တာဖြစ်ပါတယ်။
ကွန်ပျူတာစနစ်ထဲကို သမိုင်းဝင်ပုံတူပန်းချီကားပေါင်း ၁၅,၀၀၀ ရဲ့ ဒေတာတွေ ဖြည့်သွင်းပြီး၊ ကိုယ်ပိုင်ပန်းချီကားတချပ်ကို ဖန်တီးရေးဆွဲစေခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် အဆိုပါ ပန်းချီကို ကင်းဗတ်စမှာ ပရင့်ထုတ်၊ ဘောင်တပ်ပြီး၊ GAN ရဲ့ အယ်ဂရစ်သမ်တပိုင်းတစ လက်မှတ်ရေးထိုးကာ လေလံတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။
“ AI နယ်ပယ်က လူတွေကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် GAN အယ်ဂရစ်သမ်ကို ဖန်တီးခဲ့တဲ့ Ian Goodfellow နဲ့ ဒီနည်းပညာသစ်ကို အသုံးချနိုင်အောင် ဦးဆောင်နေသူအားလုံး၊ လွှမ်းမိုးမှုတွေပေးခဲ့တဲ့ အနုပညာရှင် Robbie Barrat တို့ကို ကျေးဇူးတင်ချင်ပါတယ်။ စိတ်လှုပ်ရှားစရာအချိန်အခါပါပဲ”
“ဒီရောင်းချရမှုကနေ ကျနော်တို့ ရှေ့က လုပ်နေသူတွေ၊ လက်ရှိအတူတူလုပ်နေသူတွေ အကောင်အထည်ဖော်နေကြတဲ့ အမိုက်စားဖန်တီးမှုတွေကို လူတွေ ပိုသတိထားမိလာကြစေဖို့ မျှော်လင့်ပါတယ်။ အနုပညာနယ်ပယ်ထဲ လမ်းဖွင့် ခေါ်ဆောင်ပေးတဲ့ Christies’ ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ အနုပညာဖန်တီးမှုမှာ ဒီလိုနည်းပညာအသစ်ရဲ့ ရိုက်ခတ်မှုတွေအကြောင်း တကမ္ဘာလုံးက စိတ်ဝင်တစားပြောဆိုဆွေးနွေးလာမှုမှာ တစိတ်တပိုင်း ပါဝင်ခွင့်ရတဲ့ အတွက် လည်း ဂုဏ်ယူမိပါတယ်” လို့ Obvious က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ယခု AI ပန်းချီကားကို အမည်မဖော်လိုသူတဦးက တယ်လီဖုန်းကနေ လေလံအပြိုင်ခေါ်ပြီး ဝယ်ယူသွားတာ ဖြစ်တယ်လို့ Christie’s က ပြောပါတယ်။
Ref: The Verge, Gadgets NDTV