Facebook ဟာ လူငယ်လူရွယ်တွေအကြား ခေတ်စားနေတဲ့ TikTok ကို ယှဉ်ပြိုင်ဖို့အတွက် သီးသန့် App တခုကို ဖန်တီးဖို့ လုပ်နေပါတယ်။
မကြာခင်က တေးသံဖြန့်ချိရေးတွေနဲ့ လိုင်စင်ရယူနိုင်ခဲ့တဲ့ Facebook ဟာ လူငယ်တွေရဲ့ အာရုံကို ပြန်လည်ဖမ်းစား ဖို့အတွက် Lasso ဆိုတဲ့ သီးသန့် App တခုကို ထုတ်ဖို့ လုပ်နေတာပါ။ TikTok အတိုင်းပဲ Lasso မှာ အသုံးပြုသူတွေ အနေနဲ့ သီချင်းတွေကို Lip-sync လိုက်လုပ်၊ ကိုယ့်ရဲ့ ကပြလှုပ်ရှားမှုတွေကို ရိုက်ကူးဖမ်းယူထားနိုင်မှာဖြစ်ပါတယ်။
“ အခြေခံအားဖြင့်တော့ TikTok Musically လို့ပဲ ပြောရမှာပါ။ Screen အပြည့်နဲ့၊ ဆယ်ကျော်သက်လူငယ်တွေအတွက် အဓိက ရေးဆွဲထားတာဖြစ်ပါတယ်။ ရယ်စရာ၊ ပျော်စရာကောင်းတဲ့ App ပါပဲ။ ဖန်တီးမှုတွေလုပ်နိုင်ဖို့အတွက် အလေးပေးထားမှာဖြစ်ပါတယ်” လို့ Facebook အတွင်းဝန်ထမ်းတချို့က TechCrunch ကို ပြောကြားခဲ့ပါတယ်။
လူငယ်တွေကြားမှာ ရေပန်းစားခဲ့ပြီး၊ လစဉ်အသုံးပြုသူပေါင်း သန်း ၆၀ လောက်အထိ ရှိခဲ့တဲ့ Musical.ly ကို ပြိုင်မယ့် App လို့လည်း ဆိုရမှာပါ။ Musical.ly ကို တရုတ်နည်းပညာကုမ္ပဏီ ByteDance က အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါးနဲ့ ဝယ်ယူပြီး၊ ကုမ္ပဏီရဲ့ TikTok App ထဲ ပေါင်းထည့်ထားပြီး ဖြစ်တာကြောင့် TikTok ကို ယှဉ်မယ့် App ဆိုလည်း မမှားပါဘူး။
Lasso ကို Facebook ဗီဒီယိုနဲ့ Watch အဖွဲ့သားတွေက Facebook ရဲ့ Product Designer ခေါင်းဆောင် Brady Voss ရဲ့ ဦးဆောင်မှုအောက်မှာ ဖန်တီးနေတယ်လို့ သိရပါတယ်။
Facebook ဟာ Stories တွေမှာ သီချင်းစတစ်ကာတွေ ထည့်လို့ရတဲ့ လုပ်ဆောင်ချက်တခုကို အောက်တိုဘာ ၂၄ ရက်နေ့က ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ သီချင်းတွေကို Live နဲ့ နှုတ်ခမ်းလှုပ် (Lip-sync) ဆိုလို့ရတဲ့ Lip Sync Live လုပ်ဆောင်ချက်တခုကိုလည်း ဒီရက်ပိုင်းကတင် ထုတ်ပေးခဲ့ပါသေးတယ်။
Lasso ကတော့ Lip Sync Live ကိုမှ နောက်ထပ်လုပ်ဆောင်ချက်တွေ ပေါင်းထည့်ထားတဲ့ သီးသန့် App ပုံစံမျိုး အဖြစ် ထွက်ရှိလာဖွယ်ရှိပါတယ်။ ဒါ့အပြင် TikTok ရဲ့ ၁၅ စက္ကန့် အချိန်အကန့်အသတ်ထက် ပိုတဲ့ သီချင်းတွေကိုလည်း အသုံးပြုနိုင်ဖွယ်ရှိပါတယ်။
လက်ရှိအချိန်မှာတော့ TikTok ဟာ အသုံးပြုသူဦးရေ ဆက်တက်နေဆဲ App တခုဖြစ်ပါတယ်။ U.S ရဲ့ Download အများဆုံး iPhone App နေရာမှာ လွန်ခဲ့တဲ့သုံးလက အဆင့် ၃၂ နေရာ ရှိခဲ့ရာကနေ၊ အခုဆို နံပါတ် ၅ နေရာထိ ရောက်နေပါပြီ။
Ref: Tech Crunch, The Verge