OnePlus ဟာ ယခုနှစ်ရဲ့ ဒုတိယမြောက်စမတ်ဖုန်း OnePlus 6T ကို မနေ့ညက New York မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲမှာ မိတ်ဆက်သွားခဲ့ပါတယ်။
ကောလာဟလတွေ ကြိုတင်ပေါက်ကြားခဲ့တဲ့အတိုင်း သေးငယ်တဲ့ Notch ၊ မျက်နှာပြင်အောက်လက်ဗွေရာစနစ်တို့နဲ့ ထွက်ရှိလာတာ တွေ့ရပါတယ်။ OnePlus ဖုန်းတွေ ထုံးစံအတိုင်း အမြင့်ဆုံး Specs တွေကို တခြား ထိပ်တန်း မော်ဒယ်ဖုန်းတွေထက် သက်သာတဲ့ဈေးနဲ့ ဝယ်ယူနိုင်မှာပါ။
ဒါ့အပြင် အရင်လို အွန်လိုင်းကနေပဲ သီးသန့်ရောင်းချမှာ မဟုတ်ဘဲ၊ ပထမဆုံးအကြိမ်အဖြစ် US ဆက်သွယ်ရေးကုမ္ပဏီ T-Mobile နဲ့ ပူးပေါင်းကာ တိုက်ရိုက်ရောင်းချသွားဖို့လည်း ရှိပါတယ်။ Verizon ကွန်ရက်မှာလည်း ပထမဆုံးအကြိမ် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
OnePlus 6T ကို စရောင်းရောင်းချင်းမှာ Mirror Black နဲ့ Midnight Black ဆိုပြီး အရောင်နှစ်မျိုး ရောင်းချသွားမှာဖြစ်ပြီး၊ ဈေးနှုန်းတွေကတော့ 6GB RAM နဲ့ 128GB Storage မော်ဒယ်ကို ၅၄၉ ဒေါ်လာ၊ 8GB RAM နဲ့ 128GB မော်ဒယ်ကို ၅၇၉ ဒေါ်လာ နဲ့ 8GB RAM နဲ့ 256GB မော်ဒယ်ကို ၆၂၉ ဒေါ်လာ အသီးသီးနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
မျှော်မှန်းထားတာထက် ပိုမိုသက်သာတဲ့ဈေးလို့ ဆိုရမှာပါ။ T-Mobile အသုံးပြုသူတွေအနေနဲ့ အောက်ဖော်ပြပါ ဖုန်းမော်ဒယ်တွေထဲက တခုခုနဲ့ လဲလှယ်ဝယ်ယူမယ်ဆိုရင် ဒေါ်လာ ၃၀၀ အထိ လျော့ဈေးရရှိသွားမှာလည်း ဖြစ်ပါတယ်။
ဒါဆို OnePlus 6T အကြောင်း စပြောရအောင်။ OnePlus ဖုန်းတွေထုံးစံအတိုင်း OLED Display ကို အသုံးပြုထားပြီး၊ ၆.၄၁ လက်မအရွယ် ၊ 19.5:9 Aspect Ratio နဲ့ ဖြစ်ပါတယ်။
Resolution ကတော့ 2340×1080 pixels ပါ။ OnePlus ဖုန်းတွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် In-display Fingerprint Scanner ကို အသုံးပြုထားပြီး၊ “Screen Unlock” လို့ နာမည်ပေးထားပါတယ်။ လက်ရှိ In-Display Fingerprint စနစ်တွေထဲမှာ အမြန်ဆုံးစနစ်ဖြစ်တယ်လို့ ကုမ္ပဏီက ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။
OnePlus 6T မှာ Display အဝိုက် notch ကလည်း သေးသွားပြီး၊ အခုနောက်ပိုင်းတွေ့မြင်လာတဲ့ ရေစက်ပုံစံ Notch နဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းအောက်ဘက် ဘောင်တွေလည်း ပိုမိုသေးငယ်သွားပါတယ်။ ဘက်ထရီကိုလည်း ပိုကြီးတဲ့ 3,700mAh ဘက်ထရီကို သုံးပေးထားတာ တွေ့ရပါတယ်။
OnePlus 6T မှာ 16MP, f/1.7+20MP, f/1.7 ကျောကင်မရာနှစ်လုံးတွဲကို အသုံးပြုထားပြီး၊၊ OIS ကော EIS ကော ပါဝင်ပါတယ်။ အရင် OnePlus ဖုန်းကင်မရာတွေရဲ့ ပြောစရာအပြစ်တခုဖြစ်တဲ့ အလင်းနည်းချိန်ဓာတ်ပုံရိုက်ကူးမှုကို ပိုမိုကောင်းမွန်လာစေမယ့် “Nightscape” ဆိုတဲ့ လုပ်ဆောင်ချက်အသစ်တခု ပါဝင်လာမှာဖြစ်ပါတယ်။
ဒါ့အပြင် ဓာတ်ပုံဆရာ Kevin Abosch နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ Studio Lighting ဆိုတဲ့ လုပ်ဆောင်ချက် အသစ်တခုလည်း ပါဝင်လာမှာပါ။ ရှေ့ကင်မရာကတော့ 16MP, f/.20 ကင်မရာတလုံးတည်းပါပဲ။
စွမ်းဆောင်ရည်အပိုင်းအနေနဲ့ လက်ရှိအမြင့်ဆုံးဖြစ်တဲ့ Snapdragon 845 Chipset ကို အသုံးပြုပေးထားပါတယ်။ တခြား Flagship ဖုန်းတွေထက် စွမ်းဆောင်ရည်ပိုသာလွန်ချောမွေ့စေဖို့အတွက် Android 9 Pie အခြေခံ OxygenOS ကိုလည်း မြှင့်တင်မှုတွေ လုပ်ပေးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Android ဖုန်းအသုံးပြုမှုပုံစံမှာ OnePlus ရဲ့ ကိုယ်ပိုင် Gesture စနစ် ၊ Android 9 Pie ရဲ့ Gesture စနစ်တို့အပြင် အရင်အတိုင်း ခလုတ်သုံးခုစနစ်ဆိုပြီး သုံးမျိး ရွေးချယ်သုံးနိုင်မှာဖြစ်ပါတယ်။
နောက်ထပ်ပြောင်းလဲမှုတခုကတော့ 3.5mm နားကြပ်ပေါက် မပါဝင်လာတော့တာပါ။ ရေစိုခံနိုင်စွမ်းရည်တော့ မရှိသေးပါဘူး။ OnePlus 6T ကို မြောက်အမေရိကမှာ နိုဝင်ဘာလ ၁ ရက်နေ့ စတင်ရောင်းချမှာဖြစ်ကာ၊ ဥရောပမှာတော့ နိုဝင်ဘာလ ၆ ရက်နေ့ဆို စတင်ရောင်းချသွားတော့မှာဖြစ်ပါတယ်။
Ref: The Verge, GSM Arena