MacBook Air ကတော့ Apple ရဲ့ အမေ့လျော့ခံဘဝကနေ အသက်ပြန်ဝင်လာပါပြီ။ ၃ နှစ်အတွင်း CPU ပြောင်းပေးတာကလွဲလို့ ဘာမှ အသစ်မလုပ်ပေးခဲ့တဲ့ MacBook Air ကို မနေ့ညက October ပစ္စည်းသစ် မိတ်ဆက်ပွဲမှာ ရှယ်အဆင့်မြှင့်တင်ပြီး ပြန်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
Apple ရဲ့ တန်ဖိုးအနည်းဆုံး လက်ပ်တော့လို့ ဆိုရမယ့် MacBook Air တွေဟာ သိပ်အရည်အသွေး မကောင်းတဲ့ Non-Retina Display၊ နည်းပါးတဲ့ Resolution၊ အသင့်အတင့် စွမ်းဆောင်ရည်လောက်နဲ့ပဲ ထုတ်ခဲ့တဲ့ လက်ပ်တော့တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အခု မိတ်ဆက်လိုက်တဲ့ MacBook Air အသစ်ကတော့ ဒါတွေနဲ့ ပြောင်းပြန်ပါပဲ။
အခု ၂၀၁၈ MacBook Air အသစ်မှာတော့ Retina Display ၊ ရိုးရိုး MacBook ဒီဇိုင်းပုံစံ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုသေးငယ်သွားတဲ့ ဘေးဘောင်နဲ့ အဆင့်မြှင့်တင်ထားတဲ့ Hardware တွေ ပါဝင်လာပါတယ်။ ၁၀၀ ရာခိုင်နှုန်း ပြန်လည်သန့်စင် ထုတ်လုပ်ထားတဲ့ အလူမီနီယမ်ကိုယ်ထည်နဲ့ ထုတ်လုပ်ထားတာပါ။

၁၃.၃ လက်မ 2560×1600 pixels Display နဲ့ ဖြစ်ပြီး၊ USB-C Port နှစ်ခုနဲ့ 3.5mm နားကြပ်ပေါက် တခုတို့လည်း ပါဝင်ပါတယ်။ အလေးချိန်က ၂ ဒဿမ ၇၅ ပေါင်ပဲ ရှိတာကြောင့် အရင်MacBook Air မော်ဒယ်ထက် ပိုပေါ့သွားပါတယ်။
လုံခြုံရေးအတွက် Touch ID လည်း ပါဝင်လာပြီး၊ မနှစ်က MacBook Pro နဲ့ iMac Proမော်ဒယ်အမြင့်တွေမှာ သုံးပေးထားတဲ့ T2 လုံခြုံရေး Chip နဲ့ ဖြစ်ပါတယ်။ Touch Bar တော့ မပါလာပါဘူး။ Touch Bar မကြိုက်တဲ့လူတွေ နှစ်သက်ကြမှာပါ။
Intel ရဲ့ 8 th Gen dual-core CPU နဲ့ Integrated GPU တို့ကို အသုံးပြုထားပြီး၊ RAM 16GB အထိပါဝင်ပါ တယ်။ Storage ကိုလည်း 1.5TB SSD ထိရမှာပါ။ ဒါ့အပြင် USB-C/ Thunderbolt အပေါက်ကနေလည်း 5K Display နောက်ထပ် တခုကို ချိတ်သုံးနိုင်ပါတယ်။ ဒါမှမဟုတ် အပြင် GPU စက်လည်း တွဲသုံးနိုင်ဦးမှာဖြစ်ပါတယ်။

ကီးဘုတ်ကတော့ တတိယမျိုးဆက် butterfly ကီးဘုတ်ဖြစ်ပြီး၊ Force Touch ပါ trackpad ၊ FaceTime HD ကင်မရာတို့နဲ့ ဖြစ်ပါတယ်။ စတီရီယို စပီကာတွေကလည်း အသံပိုကျယ်လာပြီး၊ ဘေ့စ်သံလည်း ပိုအားပြင်းလာတယ်လို့ ဆိုထားပါတယ်။
2018 MacBook Air မော်ဒယ်အသစ်ကို အနိမ့်ဆုံး 1.6GHz Core i5 ၊ 8GB RAM ၊ 128GB SSDမော်ဒယ်နဲ့ ဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းကတော့ ၁,၁၉၉ ဒေါ်လာဖြစ်ပါတယ်။ ယနေ့ပဲ စတင်ဝယ်ယူနိုင်ပါပြီ။
Ref: The Verge, Cnet