ကွန်ပျူတာ အင်ဂျင်နီယာပညာရပ်ကို ကလေးငယ်တွေ ပိုမိုစိတ်ဝင်စားမှုရှိစေဖို့ Amazon က လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။ Amazon ကုမ္ပဏီဟာ နှစ်စဉ် ကလေးငယ် ၁၀ သန်းကျော်ကို Code ရေးသားနည်း သင်ကြားပေးမယ့် အစီအစဉ်တခုကို ကြာသပတေးနေ့မှာ ကြေညာလိုက်တာပါ။
“Amazon Future Engineer” လို့ အမည်ပေးထားပြီး၊ Code ရေးသားနည်း သင်ကြားဖို့ အခက်အခဲရှိတဲ့ ဝင်ငွေနည်းပါးတဲ့ မိသားစုက ကလေးငယ်နဲ့ လူငယ် လူရွယ်တွေကို အကျိုးဖြစ်စေမယ့် အစီအစဉ်တခု ဖြစ်ပါတယ်။
နွေရာသီကျောင်းပိတ်ရက် အစီအစဉ်တွေ၊ အွန်လိုင်း သင်ခန်းစာတွေ၊ ဆရာဖြစ်သင်တန်းတွေနဲ့ တခြားအစီအစဉ် အမြောက်အများကို Amazon က အကုန်အကျခံ လုပ်ဆောင်ပေးသွားမှာပါ။ Amazon Future Engineer အစီအစဉ်အတွက် ငွေဘယ်လောက် သုံးစွဲသွားမလဲဆိုတာကိုတော့ အတိအကျ မပြောခဲ့ပါဘူး။
ဒါပေမယ့် ကွန်ပျူတာ သိပ္ပံပညာရပ်အတွက် ဒေါ်လာ သန်း ၅၀ အထိ သုံးစွဲသွားဖို့ရှိကြောင်းကိုတော့ ထုတ်ဖော် ပြောကြားထားပါတယ်။
Microsoft နဲ့ Facebook လို ကော်ပိုရေးရှင်းတွေလည်း ကျောင်းတွေမှာ Coding သင်ကြားဖို့အတွက် ငွေအမြောက်အများ သုံးစွဲလျက်ရှိပါတယ်။ ကွန်ပျူတာ အင်ဂျင်နီယာပညာရှင် ရှားပါးလာတာကြောင့် ကျောင်းနေအရွယ် ကလေးငယ်တွေကို Coding သင်ကြားပေးတာက တချိန်မှာ ဒီကုမ္ပဏီတွေအတွက် ပြန်အကျိုးဖြစ်စေမှာပါ။
Amazon ရဲ့ တကမ္ဘာလုံးဆိုင်ရာ ဝယ်ယူသူ ဝန်ဆောင်မှုဌာန အကြီးအကဲဖြစ်သူ Jeff Wilke က Amazon Future Engineer ပရိုဂရမ်က ထွက်လာတဲ့ ကျောင်းသားအချို့ဟာ ကုမ္ပဏီမှာ ပြန်လည်လုပ်ကိုင်ကြဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
Amazon ရဲ့ Alexa အသံထိန်းချုပ် အကူအညီစနစ်ကနေ ကုန်ပစ္စည်းပို့ဆောင်မှု ဒရုန်းတွေအတွက် လိုအပ်တဲ့ နည်းပညာတွေကို ဖန်တီးပေးလာဖို့ မျှော်လင့်ထားတာပါ။ တခြားကုမ္ပဏီတွေလည်း နည်းပညာကို ပိုမိုမှီခိုလာရပြီး၊ Coding ဟာ ဝန်ထမ်းတွေအတွက် အရေးပါတဲ့ အရည်အချင်းတခု ဖြစ်လာကြောင်းလည်း Jeff Wilke က ပြောကြားခဲ့ပါတယ်။
Amazon Future Engineer မှာ သူငယ်တန်းကနေ ၈ တန်းအထိ ကလေးငယ်တွေကို နွေရာသီသင်ကြားရေးနဲ့ ကျောင်းချိန်ပြင်ပ အစီအစဉ်တွေ အခမဲ့ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအနှံ့က Amazon ရုံးခန်းတွေမှာ သင်ကြားပေးသွားမှာပါ။
Amazon ဝန်ထမ်းတွေကိုယ်တိုင် ဝင်ရောက်သင်ကြားပေးမှာဖြစ်ကာ၊ အွန်လိုင်းသင်တန်းတွေ၊ သင်ခန်းစာတွေနဲ့ ဂိမ်းတွေကိုတော့ Code.org နဲ့ Coding with Kids Amazon တို့လို မိတ်ဖက် ကုမ္ပဏီတွေက ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
ကျောင်းသားတွေသာမက နိုင်ငံအနှံ့က လစာနည်းပါးတဲ့ အထက်တန်းကျောင်းက ဆရာ၊ဆရာမတွေကိုပါ Coding ပညာရပ်ကို အွန်လိုင်းကနေ သင်ကြားပေးဖို့ကိုလည်း Amazon က အကုန်အကျခံ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တက္ကသိုလ်ကျောင်းသားတွေအတွက် ပညာသင်ဆု အစီအစဉ်တွေနဲ့ အစမ်းခန့် အစီအစဉ်တွေလည်း ပါဝင်မှာလည်း ဖြစ်ပါတယ်။ တတ်ရောက် သင်ကြားချင်သူတွေအနေနဲ့ AmazonFutureEngineer.com ကနေ လျှောက်ထားနိုင်ပါတယ်။
Bangkok Post တွင် ရေးသားထားသော Amazon’s new goal: Teach 10m kids a year to code သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။